သူသိတာတစ်ခု။ ကျွန်တော်သိတာတစ်ခု
ပေါင်းလိုက်တော့ မသိခြင်းတစ်ခု ဖြစ်သွားတယ်။
သူ့ငိုသံတစ်ဝက်၊ ကျွန်တော့်ငိုသံတစ်ဝက်
ပေါင်းလိုက်တော့ ရယ်သံအသစ်စက်စက်ဖြစ်သွားတယ်။
သူ့ပိုက်ဆံတချို့၊ ကျွန်တော့်ပိုက်ဆံတချို့
ပေါင်းလိုက်တော့ အဝေးကမြို့လေးတစ်မြို့။
သူ့အိပ်ခန်းတစ်ခန်း၊ ကျွန်တော့်အိပ်ခန်းတစ်ခန်း
ပေါင်းလိုက်တော့ ဘ၀ဇာတ်လမ်းတစ်ပုဒ်ပေါ့။ ။
2003.7.16
ကျွန်တော့်ဇနီး၏ အမည်မှာ မ၀င်းမေဖြစ်သည်။ သူ့ကို ကျွန်တော်က အစ်မမ၀င်းမေဟုခေါ်ပါသည်။ ချစ်ခြင်းကို ယခုအခါ၌ မဖွဲ့ဆိုလိုပေ။ ယခုအခါ ချစ်ခြင်းသည် သတိရခြင်းဖြစ်သည်။ ချစ်ခြင်းသည် ဓာတ်ပုံတစ်ပုံဖြစ်သည်။ ချစ်ခြင်းသည် တစ်ဖန် ပြန်လည်ကြားယောင်သော စကားသံဖြစ်သည်။ ချစ်ခြင်းသည် မိမိကိုယ်ကို ပြုပြင်ခြင်းဖြစ်သည်။ ချစ်ခြင်းသည် ရင်သွေးငယ်များကို ပြုစုပျိုးထောင်ခြင်းဖြစ်သည်။ ကြိမ်ဖန်များစွာ၌ ချစ်ခြင်းသည် မိမိအလုပ်ကို သက်ဝင်လုပ်ကိုင်ခြင်းမျိုး သာဖြစ်လိမ့်မည်။ သူ စိတ်ပူခဲ့ပုံ၊ သူ ငေါက်ငမ်းခဲ့ပုံ၊ သူ ပြုံးရယ်ခဲ့ပုံ၊ သူ ဒေါသထွက်နေခဲ့ပုံ၊ အရာရာသည် ပြီးဆုံးခဲ့ပြီ။ မှတ်ဥာဏ်၌သာ စွဲထင်ကျန်ရစ်မှုကို ကျွန်တော်ရရှိခဲ့သည်။ ကြိုးစား၍ စိတ်ကိုထိန်းပါမည်။ ။