အခန်းကျဉ်းကလေးထဲမှာ ငါတို့ အလည်လွန်ကြဖူးတယ်။
နောက်ပြီး ငါတို့ ရန်ဖြစ်ခဲ့ကြဖူးတာပေါ့။
အဲဒီနေ့က မင်းချက်တဲ့ထမင်း ငါမစား။ လမ်းဟိုဘက်ကဆိုင်မှာ
သွားစားတာပေါ့။ အဲဒီနေ့က မင်းပြောတဲ့စကားတွေ ငါ
နားမထောင်။ မကြားချင်ယောင်ဆောင်ခဲ့တာပေါ့။
မင်းကိုငါမနမ်း။ အသက်ရှုသံတွေကြမ်းခဲ့သပေါ့။ ဒါပေမယ့်
ချစ်ဇနီးရေ…လမ်းဟိုဘက်ကဆိုင်မှာ ငါတစ်ယောက်တည်း ထိုင်
စားနေရင်း မင်းကို ပန်းကန်ထဲက အသားဖတ် ခပ်ပြီး ကျွေးချင်ခဲ့တာ
တကယ်ပေါ့။
မင်းစကားတွေ ငါနားမထောင်ပေမယ့် မင်းပြောသမျှ ငါ
လက်ခံရဖို့မှာ လုံလောက်တဲ့အချက်တွေရှိတယ်ဆိုတာ ငါနားလည်
ပြီးသားပါကွာ။ အိပ်ရာထဲမှာ မင်းကဟိုဘက်လှည့်။ အိပ်ရာထဲမှာ
ငါက ဒီဘက်ကိုလှည့်။ အဲဒီလို တစ်ဦးနဲ့တစ်ဦး ကျောပေးထား
ခဲ့ကြပေမယ့် ငါ့ကမ္ဘာမှာ မင်းကအဓိကဖြစ်သလို မင်းကမ္ဘာမှာ
ငါက အဓိကပါပဲ။ ဟုတ်ရဲ့လား။ မင်းက ဟိုဘက်လှည့်ရင်းအိပ်
ပျော်သွား။ အိပ်ပျော်ရင်း ညဥ့်နက်နက်ရောက်တော့ “နေမျိုးရေ”
လို့ ယောင်ပြီး အော်ခေါ်ချေပေါ့။ ငါက မအိပ်ဘဲ မင်းကိုချစ်ရတဲ့
အဲဒီအကြောင်းတွေ ကဗျာရေးနေတယ်လေ။ ။
2002.6.4
အိပ်ရာထဲမှာ ခြင်တစ်ကောင်ဝင်လာပြီ။ တ၀ီဝီမြည်နေပြီဆိုလျှင် သူက နိုးလာလေ့ရှိသည်။ ကလေးတွေကိုစောင်ခြုံ၊ ခြင်ထောင်ကိုဖိ၊ အထဲမှာ တ၀ီဝီမြည်နေတဲ့ခြင်ကို နှိမ်နင်းဖို့ကြိုးစားတော့သည်။ သူက ကျွန်တော့်ကိုချစ်သော ချစ်ခြင်းသည် ကလေးတွေဆီ ရောက်ရှိသွားလေပြီ။ သူက ကျွန်တော့်ကို ကျွန်တော်ကသူ့ကို ဆိုတာတွေ မရှိတော့ပြီ။ နှစ်ယောက်အတူတူ တစ်မျိုးတည်းလေ။ နေပါဦး၊ ကျွန်တော် ဘာတွေ လျှောက်ရေးနေမိပါလိမ့်။ သူကြိုက်ပါ့မလား။ ရေးကား ရေးမိခဲ့ချေပြီ။ ချစ်ခြင်းလျှင် အမွန်အစနှင့်ရှိသော……။ ။