2011 ဧပြီလမှာ သင်္ကြန်တွင်းဖတ်ဖို့ စာအုပ်လေးတွေ လိုက်ဝယ်ပါတယ်။ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်၊ လမ်းဘေးအဟောင်းတန်းမကျန်ပေါ့။ လှည်းတန်းက စာပေလောက စာအုပ်ဆိုင်မှာ စာအုပ်ပါးပါးလေးတစ်အုပ်ကို ကျနော်တွေ့ပါတယ်။ ရေးသူက ဆရာနေမျိုးပါ။ စာအုပ်နာမည်က မ၀င်းမေ။ ဆရာနေမျိုးရဲ့ မြင်ကွင်းကျယ်အချစ်ဝတ္ထုဆိုတဲ့ ၀တ္ထုတိုပေါင်းချုပ်ဟာ ကျနော့်ဖြတ်သန်းသွားလာမှုအတွင်းအကြိုက်ဆုံး စာအုပ်တစ်အုပ်ထဲမှာ ထိပ်ဆုံးကပါဝင်နေခဲ့ပါတယ်။ ကဗျာဆရာဝံပုလွေဆိုတဲ့ ကဗျာစာအုပ်လေးကိုလည်း ကြိုက်ခဲ့ပါတယ်။ အဲဒါနဲ့ ရှိရင်းစွဲ လေးစားမှုအခံလေးနဲ့ မ၀င်းမေဆိုတဲ့စာအုပ်ကလေးကို ကျနော် တစ်ထောင်ကျပ်လက်ငင်းပေးပြီး ၀ယ်ယူခဲ့ပါတယ်။ (တကယ်တော့ သူတို့ကအကြွေးလည်း မရောင်းပါဘူး) ။
စာအုပ်စင်မှာစတွေ့စဉ်က မ၀င်းမေဆိုတာ ဆရာနေမျိုးနဲ့ ဘာညာဖြစ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ဖြစ်မယ်ပေါ့လေ။ အိမ်ရောက်တော့ ကျွန်တော် စာအုပ်ကို စလှန်ပါတယ်။ ပထမဆုံးစာမျက်နှာက အလွမ်းပြေအမှာကိုဖတ်ပြီးတာနဲ့ ကျွန်တော့်ကို ဒီစာအုပ်လေးက အဆုံးအစမရှိတဲ့ အလွမ်းလွင်ပြင်ကြီးထဲကို သယ်ဆောင်သွား ပါတော့တယ်။ ယုံမလားတော့မသိဘူး။ မျက်နှာပြောင်တိုက်ပြီးပြောပါမယ်။ ကဗျာဆရာ အသည်းနုပါတယ်။ နှလုံးသားနုပါတယ်။ ခံစားထိရှလွယ်ပါတယ်။ ကျွန်တော့် အသက် 21 နှစ်ပါ။ မိန်းမတော့မရသေးပါဘူး။ အဲဒါကြောင့် မိန်းမလည်းမကွယ်လွန်ဖူးသေးပါဘူး။ ဒါပေမယ့်…..
ကျနော်တော်တော် လွမ်းရပါတယ်။ တချို့နေရာတွေမှာ မျက်ရည်ဝဲရပါတယ်။ စာသားတွေဟာ လူငယ်တစ်ယောက်ရဲ့ ဘယ်ဘက်အခြမ်းကို နင့်ခနဲ နင့်ခနဲဖြစ်စေခဲ့။ ပင့်သက်တွေအခါခါရှိုက်မိပါတယ်။
သဲလွန်စက
မြို့နဲ့မဆံ့ဘူး
ငါတို့ပျော်ခဲ့ဖူးပုံတွေ တွေးတွေးပြီး
မျက်ရည်ကျရတယ်
တစ်ယောက်တည်း။
လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူမရှိတဲ့အခါမှာ ပိုလို့ သိသာလာရသလိုပင်။
ယခုရက်ပိုင်းတွေ ညကြီးမိုးချုပ်မှ အိမ်ကိုပြန်လာခဲ့ရတဲ့ညတွေမှာ
သူ့ကို ပိုလို့ သတိရဖွယ်ပင် ဖြစ်လေတော့သည်။
ကဗျာရေးလို့လည်း ဆွေးမြေ့သတိရမှုဟာ မပြေနိုင်ဘူး ထင်ပါရဲ့။
ဘ၀ဆိုတာ…..
အဲဒီလိုစလိုက်တာနဲ့ ငါ့မှာ
မျက်ရည်ဝဲရတယ်
ဓာတ်ပုံရှေ့မှာ သူရယ်
ကလေးတွေရယ် ငြိမ်လို့
ညကြီးမင်းကြီး အပြင်မှာ
သစ်ရွက်တွေ ကြွေနေသလား
မသိဘူး။
သားငယ်ကပြောတယ်။
အမေနဲ့ ခဏလေးဖြစ်ဖြစ် တွေ့ချင်တယ်တဲ့။
ဘယ်လိုလဲကွာ။
နေပါဦး၊
ကျွန်တော် ဘာတွေ လျှောက်ရေးနေမိပါလိမ့်။
သူကြိုက်ပါ့မလား။ ရေးကား ရေးမိခဲ့ချေပြီ။
ကျွန်တော့်အမေဟာ သူမကွယ်လွန်မီနံနက်ပိုင်းက
ကျွန်တော့်ကိုခဲတံချွန်ပေးခဲ့ တယ်။
………. စသဖြင့်… စသဖြင့်ပေါ့။ ဆရာနေမျိုးရဲ့အလွမ်းဟာ ဖတ်သူတိုင်းရဲ့ရင်ထဲကို နစ်ဝင်သွားလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ စာအုပ်ဆုံးသွားချိန်မှာ ကျနော့်မှာ ပင့်သက်တွေ မဆုံးသေးပါဘူး။ စာအုပ်ရဲ့ပထမဆုံးစာမျက်နှာကို ကျနော် ပြန်လှန်လိုက်ပါတယ်။ ပြီးတော့ ကျနော့် ခြေလှမ်းတွေက ကွန်ပျုတာလေးဆီကို ဦးတည်သွားပါတော့တယ်။
ဒီစာအုပ်လေးကို ကျနော် သင်္ကြန်လေးရက်မှာ ဘယ်မှမသွားဘဲ စာစီပါတယ်။ သင်္ကြန်နောက်ဆုံးနေ့မှာ ဒီဘလော့ဂ်လေးကို စတင်ခဲ့ပါတယ်။အွန်လိုင်းစာဖတ်သူတွေနဲ့ ပြည်ပရောက် စာဖတ်သူတွေ ခံစားဖတ်ရှုနိုင်ဖို့အတွက် စေတနာသက်သက်ဖြင့် ရည်ရွယ်ခဲ့ပါတယ်။
ဒီဘလော့ဂ်လေးကို ဆရာနေမျိုးနဲ့တကွ ထုတ်ဝေသူ၊ သက်ဆိုင်သူများရဲ့ ခွင့်ပြုချက်မရဘဲ တင်ခဲ့ခြင်းအတွက် ခွင့်လွှတ်နားလည်ပေးကြပါလို့ အနူးအညွတ် တောင်းပန်အပ်ပါတယ်။
အန်တီမ၀င်းမေ… ကောင်းရာသုဂတိလားပါစေ……..
ဝင်ရောက်ဖတ်ရှုသူအားလုံးကို ကျေးဇူးတင်ပါတယ်။
#1 by Craton on April 16, 2011 - 4:15 pm
ကျေးဇူး
#2 by Lanolay on April 17, 2011 - 2:53 am
အေးဗျာ ခင်ဗျားတင်မှပဲ ကျနော်တို့လဲ ဖတ်ရတော့တယ် ကျေးပါ
#3 by manorhary on April 19, 2011 - 4:35 am
အစ်မ မဝင်းမေ နဲ့ ကိုနေမျိုး ကိုယ်စား ကျေးဇူးတင်ပါတယ်။ ဒီစာအုပ်လေးကိုဖတ်တုန်းကတည်းက မျက်ရည်ကျခဲ့ရတယ်။ မေမေနဲ့ တစ်ခေါက်ပဲဖြစ်ဖြစ် တွေ့ချင်တယ်လို့ သားကလေးက ပြောတဲ့နေရာမှာပေါ့။
သိပ်ချစ်ဖို့ကောင်းတဲ့ အစ်မ မဝင်းမေ ကောင်းရာသုကတိလားပါစေ ..
#4 by ရင်မင်း on April 19, 2011 - 3:49 pm
ကျေးဇူးဘဲ ။ သင်္ကြန်မပြီးခင်ထဲကညွှန်းထားလို့စိတ်ဝင်စားနေတာ..ခုတော့ဖတ်ဖြစ်သွားပြီး… တစ်ရှုးးတလိပ်ကုန်သွားတယ်…….
အန်တီမ၀င်းမေ ကောင်ရာသုခဘုံဘ၀ကိုရောက်ပါစေ….။
#5 byူလွင် on June 11, 2011 - 2:08 pm
ဆရာနေမျိုးရေးတဲ့ မဝင်းမေ ကဗျာ စာအုပ်ကလေးဖတ်ရတာ ကျေးဇူးတင်ပါတယ်။ ဒီစာအုပ်လေးဖတ်ပြီးတော့ ဆင်ခြင်စရာတွေတွေ့လာတဲ့ အပြင် ကဗျာဆရာရဲ့ အလွမ်းတွေပါရင်ထဲရောက်လာတယ်။
#6 by TeZaHlaing on August 3, 2011 - 6:42 am
ကိုယ့် အသက်က ၃၃ နှစ်။ညီ့ အသက်က ၂၁။ဒါပေမယ့်  နေမျိုးရဲ့  ကဗျာတွေဖတ်ရရင်မျက်ရည်ကျရတာချင်းတူတယ်။အနုပညာဟာအချိန်ကာလတွေကိုကျော်လွန်ဖြတ်သန်းပီးရှင်သန်သွာနိုင်တယ်။