အ၀ါရောင်မီးလုံးတွေ ထွန်းညှိထားတဲ့အခန်း

အခန်းထဲတွင် အ၀ါရောင်မီးလုံးများ ထွန်းညှိထားသည်။ စုစုပေါင်း မီးလုံး ၂၁လုံး။ အားလုံး အ၀ါရောင်တွေဖြစ်သည်။ နံရံတွေက အ၀ါရောင်တွေ ပန်းထွက်နေသလိုပင်ထင်ရသည်။ အ၀ါရောင်မီးလုံးများ ထွန်းညှိထားသော အခန်းထဲတွင် ကျွန်ုပ်၏ဇနီးကို တွေ့မြင်ရသည်။ သူမကို ကျွန်ုပ်မတွေ့မြင်ခဲ့ရသည်မှာ ကြာမြင့်ခဲ့ပြီ။ ယခုမူ သူမသည် အခန်းထဲရှိ ကုတင် တစ်လုံးပေါ်တွင် ငြိမ်သက်စွာ ထိုင်နေလေသည်။ ကျွန်ုပ်သည် သူမကို ငေးစိုက်ကြည့်နေမိသည်။ အခန်းထဲက အ၀ါရောင်မီးလုံးတွေအောက်မှာ သူမ၏ပုံသဏ္ဍာန်မှာ ဟိုယခင်ကာလနှင့်မတူဟု ကျွန်ုပ်ထင်မှတ်မိသည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သည် အ၀ါရောင်မီးလုံးများ ထွန်းညှိထားသော အခန်းတွင်းသို့ဝင်ရောက်လာခဲ့မိသည့် မိမိကိုယ်ကိုပင် ပြန်၍ ကျေးဇူး တင်မိတော့သည်။ ကျွန်ုပ်၏ဇနီးသည် ခုတင်ပေါ်တွင် ငြိမ်ငြိမ်သက်သက်ထိုင်လျက် လက်တစ်ဖက်က ခုတင်ခေါင်းရင်းကို ဖမ်းကိုင်ထားသည်။ သူမ၏ နက်မှောင်ရှည်လျားသော ဆံစများမှာ ပျော့ပြောင်းစွာ အိကျလျက် အ၀ါရောင်တွေ ထင်ဟပ် နေသည်။ သူမ ၀တ်ဆင်ထားသော အ၀တ်အစားမျိုးမှာ အိမ်နေရင်း ၀တ်လေ့ရှိသော သာမန်ပေါ့ပေါ့ပါးပါး အ၀တ်အစားမျိုး ဖြစ်သော်လည်း အ၀ါရောင်တွေ လွန်ကဲစွာလျှံကျနေသည်။ ဒါကဘယ်လိုဖြစ်တာတုန်း။ မင်းနှယ်ကွာ ငါ့အဖြစ်ကိုလည်း စဉ်းစဉ်းစားစားလေး လုပ်ပါဦး။ ကျွန်ုပ်က ဤသို့ပြောဆိုလိုက်ပြီးနောက် သူမအနီးသို့ချဉ်းကပ်လိုက်သည်။ သူမ၏ဘေး ခုတင်ပေါ်တွင် ပဲစေ့များထည့်ထားသော ပန်းကန်တစ်ချပ်ကို တွေ့ရသည်။ ထိုပန်းကန်ထဲက ပဲစေ့များမှာ ပိုးထိုးကာ အမှုန် များကြွေကျနေသည်ကို တွေ့မြင်ရလေသည်။ ကျွန်ုပ်သည် ပန်းကန်ထဲတွင် တရွရွလှုပ်နေသော ပိုးကောင်များကိုပင် မြင် တွေ့နေရသည်။ မင်း ဒီမှာဘာလုပ်နေတာလဲ။ ကျွန်ုပ်က ထိုသို့မေးကာ သူမအနီးသို့တိုးကပ်ရင်း ခုတင်ပေါ်မှာဝင်ထိုင် လိုက်သည်။ သူမသည် ယခုအချိန်ထိ ကျွန်ုပ်ကိုစကားပြောဆိုးခြင်း မပြုသေးဘဲ ဦးခေါင်းကိုသာ အသာအယာ လှုပ်ယမ်းပြ လိုက်သည်။ အခန်းထဲမှာ သူမ ဘာအတွက်ရောက်နေမှန်းကို ကျွန်ုပ်မသိချေ။ ကျွန်ုပ်တို့ဇနီးမောင်နှံနှစ်ယောက်၏ ဆက်ဆံ ရေးမှာ ဤသို့အေးစက်စက်နိုင်မှုများရှိသော်လည်း စင်စစ်မှာမူ တစ်ဦး၏အလိုကို တစ်ဦးကသိပြီးဖြစ်သလို လိုက်လျောဖို့ လည်း ၀န်လေးကြသူများမဟုတ်ရကား ကြာမြင့်လာသောအခါ စိတ်ခံစားမှုများမှာ အတူတူပင် တစ်သဘောတည်းဖြစ်လာ ပါတော့သည်။ ကျွန်ုပ်က သူမ၏လက်တစ်ဖက်ကိုဆွဲယူကာ အသာအယာဆုပ်ကိုင်ထားလိုက်သည်။ ကျွန်ုပ်လက်ထဲတွင် သူမ၏လက်ကလေးသည် ၀ါထိန်၍နေပေမည်။ ကလေးတွေကိုဂရုစိုက်ပါ။ သူမက တိုးဖွသောအသံဖြင့် ဤသို့ပြောကာ ငြိမ် သက်သွားပြန်သည်။ ငါ့ကိုစိတ်ဆိုးနေလို့လား။ နေစမ်းပါဦး။ ငါ့ကို တစ်ခုခု ထပ်ပြောပါဦး။ ကျွန်ုပ်သည် သူမ၏ အ၀ါရောင် လက်တစ်ဖက်ကိုဖျစ်ညှစ်ကာ ပြောလိုက်သည်။ သူမက ဦးခေါင်းကိုငုံ့ကာ ကျွန်ုပ်ကိုမကြည့်ဘဲ “ငါ့မှာ ပြောစရာသိပ်မကျန် တော့ဘူး။ မင်းနဲ့နောက်တစ်ခေါက်တွေ့ရင် ပြောနိုင်အောင် ငါနည်းနည်းချန်ထားရတယ်။” သူမသည် ထိုသို့ပြောဆိုပြီး နောက် နောက်ထပ်မည်သည့်စကားကိုမျှမပြောတော့ပေ။ ကျွန်ုပ်သည် အ၀ါရောင်မီးလုံးများထွန်းညှိထားသော အခန်းထဲ တွင် အတန်ကြာအောင်နေခဲ့ပါသည်။ အတိအကျဆိုရပါလျှင် အ၀ါရောင်မီးလုံးများ ငြိမ်းမသွားခင်အထိ ဖြစ်ပါသည်။

2003.6.21

Advertisements
  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: