ပြတင်းပေါက်မှာ လေတဖြူးဖြူး

ပြတင်းပေါက်မှာ လေတဖြူးဖြူး။ ပူပြင်းအိုက်စပ်တဲ့နွေနေ့ထဲ
ပြတင်းပေါက်မှာ လေတဖြူုးဖြူး။ စာရွက်တွေ တဖျပ်ဖျပ်
လှုပ်ရှား။ ငါရေးနေကျဘော့လ်ပင်ကလေး လိမ့်ကာလိမ့်ကာ
လေတဖြူးဖြူးထဲ တလိမ့်လိမ့်နဲ့ သူ့ကိုဖမ်းယူပြီး
ဒီစာကို ငါရေးတယ်။ ပြတင်းပေါက်မှာ လေတဖြူးဖြူး။
လေနှင့်အတူ သတိရခြင်းများ၊ အမှတ်ရချက်များ။ မည်သူ့ကို
ရည်ညွှန်းရမည်မသိတဲ့ ပြန်လည်အောက်မေ့မှုများ၊
ငါကိုယ်တိုင်ကို ငါကပြန်လည်ပြောပြမှု တစ်ခုအဖြစ်နဲ့……။

မိုးဥတုနေ့ရက်တွေထဲက တစ်နေ့။ ကုန်လွန်ခဲ့ပြီဖြစ်တဲ့
နှစ်ကာလတွေထဲက မိုးဥတုရဲ့ နေ့ရက်တွေထဲမှာ…..
တစ်ရက် နှစ်ရက် သုံးရက် မိုးက သည်းသည်းမဲမဲ
ဆက်တိုက်ရွာ၊ အိမ်တံခါးတွေ အကုန်ပိတ်ထားရတယ်။
မိုးတိတ်လို့ ပြတင်းပေါက်တွေ ဖွင့်လိုက်တော့
အိမ်ရှေ့လမ်းမမှာ ရေတွေဖွေးလို့၊ အိမ်ဝိုင်းထဲမှာ
ရေတွေဖွေးလို့။ ငါတို့အိမ်ရဲ့ လှေကားရင်း
တတိယထစ်လောက်ထိ ရေတွေရောက်လို့။
ပေါလောမျောခဲ့တဲ့ အောက်ထပ်က အိုးစရည်းတွေ
ထောင့်တစ်နေရာမှာကပ်လို့ ငြိမ်ငြိမ်သက်သက်။
မိုးရွာသွန်းခဲ့သော မိုးဥတုရဲ့ မိုးနေ့များထဲမှာ အိမ်ရှေ့က
ဗာဒံပင်လေး အသစ်ဖြစ်နေသလို လုံးဝစိမ်းလန်း၊ မိုးကြောင့်
ပျော်ရွှင်နေတဲ့ သစ်ပင်လေးတစ်ပင်။ ဒီနေ့မှာ
သူ့အရပ်အမောင်း ပိုရှည်လာတယ်လို့တောင် ထင်မိ။
မြောင်းထဲက ကျပ်ကျပ်တည်းတည်း ငါးတွေ
ဟိုး အောက်ကျင်းဖက်ထိ ကူးခပ်သွားနိုင်ရဲ့။ ၀ရံတာမှာ
မီးခိုးတအူအူ။ ချက်ပြုတ်နေသူအိမ်ရှင်မ
သီချင်းတစ်ပုဒ်ညည်းနေသံ သဲ့သဲ့ကြားရ။ ရေတဖွေးဖွေး
မိုးဥတုနေ့ရက်တွေ၊ မိုးအစဲမှာ လူတွေသွားကြလာကြ
ရေတစွပ်စွပ်။ ကဖေးဆိုင်က ခေါင်းတိုင်တွေ
မီးခိုးတလူလူအူထလာ။ ငါးတွေ ဟင်းသီးဟင်းရွက်တွေ
သစ်ပင်တွေ ဓာတ်တိုင်တွေနဲ့ ကတ္တရာလမ်းမကြီးပါ
စိမ်းလန်းသစ်လွင်။ ညနေစောင်းတော့ ရေတွေ
လျောကျသွားပေါ့။ အိမ်ရှေ့လမ်းမနဲ့ အိမ်ဝိုင်းထဲကရေတွေ
နိမ့်ရာဆီ တဖြည်းဖြည်းစီးဆင်းရွှေ့လျောသွားခဲ့ပြီ။
ဒီလိုအချိန်မှာပေါ့၊ အိမ်အောက်နောက်ဖေး
မစင်တွင်းအဟောင်းကြီးထဲမှာ ခွေးပေါက်စလေးတစ်ကောင်
သူရောက်ရှိလိမ့်ကျသွား။ ငါရောက်တော့ သူ့အသံကို
မကြားရ။ မစင်တွင်းဟောင်းထဲမှာ တလှုပ်လှုပ်
ကူးခပ်နေတာမြင်ရ၊ ဦးခေါင်းကို အစွမ်းကုန်မော့ထားရဲ့။
အိမ်နောက်ဖေးရွံ့ဗွက်တွေထဲ တစွပ်စွပ်၊ ငါဖြတ်ပြီး
မီးညှပ်ကြီးယူလို့၊ သူ့ကိုဆယ်ယူဖို့ကြိုးစားခဲ့။
ခွေးကလေး ယက်ကန်ယက်ကန်နဲ့ ဆယ်လို့မရခဲ့ဘူး။
မီးညှပ်နဲ့ညှပ်ယူပြီး သူ့ကိုဆယ်ယူတယ်။ မရဘူး။ သူက
အတင်းရုန်းကန် မစင်တွင်းထဲကိုပဲ ပြန်ကျတယ်။
အရှိန်နဲ့နစ်သွားပြီးတော့ ပြန်ပေါ်လာ။
ဦးခေါင်းကလေးမော့နေရဲ့။ အဲဒီနေ့က ရွံ့ဗွက်ထဲကို
ငါဒူးထောက်ငုံ့ကိုင်း မစင်တွင်းထဲ လက်တစ်ဖက်ထည့်ပြီး
ခွေးကလေးကို မိမိရရ ဆယ်ယူလိုက်နိုင်ခဲ့ပါတယ်။
ငါ့လက်ထဲမှာ လူးလွန့်ရုန်းကန်ရင်း ပါလာတဲ့ ခွေးကလေး။
အညစ်အကြေးတွေပေရေလို့။ အဲဒီနေ့က ခွေးကလေးကို
မြေကြီးပေါ်ချလိုက်တယ်။ ခွေးကလေးဟာ
မြေကြီးပေါ်ရောက်သွားတာကို အလွန်ဝမ်းသာသွားပုံပါပဲ။
လေးဘက်ချမတ်တပ်ရပ်၊ ဦးခေါင်းကိုယ်လုံး အမြီးပါမကျန်
တစ်ကိုယ်လုံးရမ်းကာ စိုစွတ်စွတ်အညစ်အကြေးတွေကို
ဒရစပ်ခါထုတ်ပစ်လိုက်တယ်။ ငါ့မျက်နှာပါမကျန်
အဲဒီအညစ်အကြေးတွေ ပေကျံကုန်ရဲ့။ ခွေးကလေး
ဒီကောင်- အညစ်အကြေးတွေကို တဖျမ်းဖျမ်းယမ်းခါပြီး
စည်းရိုးအပေါက်ကနေတိုးလို့ တစ်ဖက်ကို
ပြေးထွက်သွားတယ်။ အဲဒီနေ့က ရေမိုးချိုးလို့တစ်ကိုယ်လုံး
သန့်စင်ပစ်လိုက်တာ၊ ၀ရံတာက အိမ်ရှင်မက ဒီလိုအော်ပြီး
မှာရဲ့၊ မင်း ဆပ်ပြာနဲ့ သေသေချာချာတိုက်ပစ်လိုက်ဦးတဲ့။
ရေတဗွမ်းဗွမ်း။      ။

2005.15

Advertisements
  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: