mawinmay

This user hasn't shared any biographical information

Homepage: https://mawinmay.wordpress.com

တင်ဆက်သူ၏၀န်ခံချက်

2011 ဧပြီလမှာ သင်္ကြန်တွင်းဖတ်ဖို့ စာအုပ်လေးတွေ လိုက်ဝယ်ပါတယ်။ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်၊ လမ်းဘေးအဟောင်းတန်းမကျန်ပေါ့။ လှည်းတန်းက စာပေလောက စာအုပ်ဆိုင်မှာ စာအုပ်ပါးပါးလေးတစ်အုပ်ကို ကျနော်တွေ့ပါတယ်။ ရေးသူက ဆရာနေမျိုးပါ။ စာအုပ်နာမည်က မ၀င်းမေ။ ဆရာနေမျိုးရဲ့ မြင်ကွင်းကျယ်အချစ်ဝတ္ထုဆိုတဲ့  ၀တ္ထုတိုပေါင်းချုပ်ဟာ ကျနော့်ဖြတ်သန်းသွားလာမှုအတွင်းအကြိုက်ဆုံး စာအုပ်တစ်အုပ်ထဲမှာ ထိပ်ဆုံးကပါဝင်နေခဲ့ပါတယ်။ ကဗျာဆရာဝံပုလွေဆိုတဲ့ ကဗျာစာအုပ်လေးကိုလည်း ကြိုက်ခဲ့ပါတယ်။ အဲဒါနဲ့ ရှိရင်းစွဲ လေးစားမှုအခံလေးနဲ့ မ၀င်းမေဆိုတဲ့စာအုပ်ကလေးကို ကျနော် တစ်ထောင်ကျပ်လက်ငင်းပေးပြီး ၀ယ်ယူခဲ့ပါတယ်။ (တကယ်တော့ သူတို့ကအကြွေးလည်း မရောင်းပါဘူး) ။

စာအုပ်စင်မှာစတွေ့စဉ်က မ၀င်းမေဆိုတာ ဆရာနေမျိုးနဲ့ ဘာညာဖြစ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ဖြစ်မယ်ပေါ့လေ။ အိမ်ရောက်တော့ ကျွန်တော် စာအုပ်ကို စလှန်ပါတယ်။ ပထမဆုံးစာမျက်နှာက အလွမ်းပြေအမှာကိုဖတ်ပြီးတာနဲ့ ကျွန်တော့်ကို ဒီစာအုပ်လေးက အဆုံးအစမရှိတဲ့ အလွမ်းလွင်ပြင်ကြီးထဲကို သယ်ဆောင်သွား ပါတော့တယ်။ ယုံမလားတော့မသိဘူး။ မျက်နှာပြောင်တိုက်ပြီးပြောပါမယ်။ ကဗျာဆရာ အသည်းနုပါတယ်။ နှလုံးသားနုပါတယ်။ ခံစားထိရှလွယ်ပါတယ်။ ကျွန်တော့် အသက် 21 နှစ်ပါ။ မိန်းမတော့မရသေးပါဘူး။ အဲဒါကြောင့် မိန်းမလည်းမကွယ်လွန်ဖူးသေးပါဘူး။ ဒါပေမယ့်…..

ကျနော်တော်တော် လွမ်းရပါတယ်။ တချို့နေရာတွေမှာ မျက်ရည်ဝဲရပါတယ်။ စာသားတွေဟာ လူငယ်တစ်ယောက်ရဲ့ ဘယ်ဘက်အခြမ်းကို နင့်ခနဲ နင့်ခနဲဖြစ်စေခဲ့။ ပင့်သက်တွေအခါခါရှိုက်မိပါတယ်။

သဲလွန်စက
မြို့နဲ့မဆံ့ဘူး
ငါတို့ပျော်ခဲ့ဖူးပုံတွေ တွေးတွေးပြီး
မျက်ရည်ကျရတယ်
တစ်ယောက်တည်း။

လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူမရှိတဲ့အခါမှာ ပိုလို့ သိသာလာရသလိုပင်။
ယခုရက်ပိုင်းတွေ ညကြီးမိုးချုပ်မှ အိမ်ကိုပြန်လာခဲ့ရတဲ့ညတွေမှာ
သူ့ကို ပိုလို့ သတိရဖွယ်ပင် ဖြစ်လေတော့သည်။

ကဗျာရေးလို့လည်း ဆွေးမြေ့သတိရမှုဟာ မပြေနိုင်ဘူး ထင်ပါရဲ့။

ဘ၀ဆိုတာ…..
အဲဒီလိုစလိုက်တာနဲ့ ငါ့မှာ
မျက်ရည်ဝဲရတယ်

ဓာတ်ပုံရှေ့မှာ သူရယ်
ကလေးတွေရယ် ငြိမ်လို့
ညကြီးမင်းကြီး အပြင်မှာ
သစ်ရွက်တွေ ကြွေနေသလား
မသိဘူး။          

သားငယ်ကပြောတယ်။
အမေနဲ့ ခဏလေးဖြစ်ဖြစ် တွေ့ချင်တယ်တဲ့။
ဘယ်လိုလဲကွာ။

နေပါဦး၊
ကျွန်တော် ဘာတွေ လျှောက်ရေးနေမိပါလိမ့်။
သူကြိုက်ပါ့မလား။ ရေးကား ရေးမိခဲ့ချေပြီ။

ကျွန်တော့်အမေဟာ သူမကွယ်လွန်မီနံနက်ပိုင်းက
ကျွန်တော့်ကိုခဲတံချွန်ပေးခဲ့ တယ်။

………. စသဖြင့်… စသဖြင့်ပေါ့။ ဆရာနေမျိုးရဲ့အလွမ်းဟာ ဖတ်သူတိုင်းရဲ့ရင်ထဲကို နစ်ဝင်သွားလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ စာအုပ်ဆုံးသွားချိန်မှာ ကျနော့်မှာ ပင့်သက်တွေ မဆုံးသေးပါဘူး။ စာအုပ်ရဲ့ပထမဆုံးစာမျက်နှာကို ကျနော် ပြန်လှန်လိုက်ပါတယ်။ ပြီးတော့ ကျနော့် ခြေလှမ်းတွေက ကွန်ပျုတာလေးဆီကို ဦးတည်သွားပါတော့တယ်။

ဒီစာအုပ်လေးကို ကျနော် သင်္ကြန်လေးရက်မှာ ဘယ်မှမသွားဘဲ စာစီပါတယ်။ သင်္ကြန်နောက်ဆုံးနေ့မှာ ဒီဘလော့ဂ်လေးကို စတင်ခဲ့ပါတယ်။အွန်လိုင်းစာဖတ်သူတွေနဲ့ ပြည်ပရောက် စာဖတ်သူတွေ ခံစားဖတ်ရှုနိုင်ဖို့အတွက် စေတနာသက်သက်ဖြင့် ရည်ရွယ်ခဲ့ပါတယ်။

ဒီဘလော့ဂ်လေးကို ဆရာနေမျိုးနဲ့တကွ ထုတ်ဝေသူ၊ သက်ဆိုင်သူများရဲ့ ခွင့်ပြုချက်မရဘဲ တင်ခဲ့ခြင်းအတွက် ခွင့်လွှတ်နားလည်ပေးကြပါလို့ အနူးအညွတ် တောင်းပန်အပ်ပါတယ်။

အန်တီမ၀င်းမေ… ကောင်းရာသုဂတိလားပါစေ……..

ဝင်ရောက်ဖတ်ရှုသူအားလုံးကို ကျေးဇူးတင်ပါတယ်။

Advertisements

6 Comments

အလွမ်းပြေအမှာ

၂၀၀၈ ဖေဖော်ဝါရီ ၃ရက်နေ့ ဆိုလျှင် ကျွန်တော့်ဇနီးကွယ်လွန်သည်မှာ ၈နှစ်ပြည့်ပြီးဖြစ်ပါသည်။

ဇနီးဖြစ်သူကွယ်လွန်ခြင်း ၈နှစ်ပြည့်အဖြစ် ကျွန်တော်တို့သားအဖတွေ ဘုံဆွမ်းလောင်းလှူရန် နံနက်စောစောပြင်ဆင်ကြသည်။ ဒီနေ့မှာ ကျွန်တော် က နံနက်လေးနာရီခွဲခန့်တွင် နိုးလာသည်။ အိပ်ချင်စိတ်မပြယ်သေးပေမယ့် မျက်နှာသစ် ဆွမ်းအိုးတည်လိုက်သည်။ ခနနေ တော့ အမေနိုးလာသည်။ အမေက ရေတော်ကပ် ဘုရားဝတ်ပြုနေတော့ သားနှစ်ယောက်ကိုနှိုးရသည်။ သားနှစ်ယောက် နိုးလာတော့ မနေ့ကလုံးထားသော ၀က်သားအိုးကို အာလူးနှင့်ရောတည်ခိုင်းလိုက်သည်။ အမေဘုရားဝတ်ပြုပြီးတော့ အိမ် အောက်ထပ်ဆင်းလာကာ ချက်ခန်းပြုတ်ခန်းဝင်ရောက်စီမံသည်။ ညီဖြစ်သူ ဇော်မိုးကျော်လည်းရောက်နေသည်မို့ သူကပါ ၀င်ရောက်ချက်ပြုတ်ပေးသည်။ အရုဏ်ကျင်းလို့ အလင်းရောင်လာတော့ ဆွမ်းအိုးလည်းနပ်ပြီ။ ၀က်သားနှင့် အာလူးဟင်း လည်းကျက်ပြီ။ သရက်ချဉ်လည်း သုပ်ပြီးပြီ။ ဘုံဆွမ်းလောင်းဖို့ အိမ်ရှေ့မှာ ခြေတံရှည်စားပွဲခင်းကာ ဆွမ်းဇလုံ၊ ဆွမ်းဟင်းဇလုံတွေတင်ထားလိုက်သည်။ သမီးကလေးက ခုချိန်ထိမနိုးသေး။ ညက သူ့ Guide ဆရာနှင့် မိုးချုပ်ချုပ်ထိ စာလုပ်ခဲ့ရသည်မို့ အိပ်ပါစေဟု မနှိုးဘဲထားလိုက်တော့သည်။

နံနက်လင်းအရုဏ်နှင့်အတူ သံဃာတော်များကြွလာတော့ ကျွန်တော်တို့ သားအဖတစ်တွေ ဘုံဆွမ်းလောင်းလှူကြသည်။ ဤပြုသောကောင်းမှုအဖို့သည် ကျွန်တော့်ဇနီး အစ်မ မ၀င်းမေကိုရည်စူး၍ ပြုခြင်းဖြစ်ပါသည်။ ဆွမ်းလောင်းလှူနေစဉ် ကြွလာတော်မူကြသော ကိုရင်များ၊ ဦးဇင်းများ၊ ဘုန်းကြီး များကို ကြည်ညိုစိတ်ဖြင့် ဤသို့လောင်းလှူလိုသောစိတ်၊ ဤမျှမက လောင်းလှူလိုသောစိတ်တို့ ထပ်မံဖြစ်ပေါ်လာရသည်။ ဆွမ်းနှင့်ဆွမ်းဟင်းများကုန်သွားတော့ ဘုံဆွမ်းလောင်းလှူခြင်းကို သိမ်းလိုက်သည်။ ကိုရင်များ၊ ဦးဇင်းများကတော့ သွားလာကြွချီနေကြဆဲပင်ဖြစ်သည်။ ဘုံဆွမ်းလောင်းလှူပြီးတော့ ဇနီးကိုအမျှဝေသည်။ ပူပူနွေးနွေး ဆုံးပါးကာစကလို ၀မ်းနည်းပူဆွေးမှုများ ယခုအချိန်မှာမရှိတော့။ လျော့ပါးကင်းစင်ချိန်ရောက်ပြီဟု ဆိုနိုင်ပြီဖြစ်သော်လည်း ငြိမ်သက်သော သတိရစိတ်သည် ကိုယ်ခန္ဓာထဲမှာ ရှိနေဆဲပင်ဖြစ်သည်။

ယခုစာအုပ်လေးသည် ကျွန်တော့်ဇနီးကိုသတိရစိတ်ဖြင့် ရေးဖြစ်ခဲ့သော ကဗျာ၊ ၀တ္ထု၊ ရသစာတမ်းများကို စုစည်း ထားခြင်းဖြစ်ပါသည်။ ကျွန်တော့်အဖို့အလွမ်းပြေရသလို စာရှုသူတို့လည်း လွမ်းတတ်ပါက အလွမ်းပြေစေနိုင်မည်ဟု ထင်မိပါသည်။

 2008.3.6

နေမျိုး

1 Comment

သူတောင်းစားတစ်ယောက်ရဲ့မှတ်စု

ကျွန်တော်ငယ်ငယ်က သူတောင်းစားကလေးပါ
ကြီးလာတော့ သူတောင်းစားကြီးဖြစ်လာ
ကျွန်တော်မရောက်ဖူးတဲ့ လမ်းတကာလည်း မရှိ
ကျွန်တော့်ကို မဟောင်ဖူးတဲ့ခွေးလည်း တစ်ကောင်မှ မရှိ
ဘ၀မှာ အမှတ်ရစရာ အကောင်းဆုံးဆိုတာကတော့
အလှူအိမ်က ၀က်သားတုံးတွေပေါ့
တစ်ဘက်တည်းရှိတဲ့ ကျွန်တော့်မျက်လုံးဟာ
ပေးကမ်းစွန့်ကြဲမယ့်သူကို အဝေးကပင် ရှာဖွေနိုင်တာ
ဒါတွေမက
လမ်းဘေးက ဆေးလိပ်တိုကိုလည်း ပုံဖမ်းယူနိုင်သေးသပ
ဓာတ်စက်သီချင်းသံကြားခဲ့ရင် တစ်နေရာရာ
ဒရွတ်ဆွဲခြေလှမ်းများနဲ့ အရောက်ချီတက်တာ
သူတို့မောင်းထုတ်တဲ့အခါ ပြောရမယ့်စကား
ကျွန်တော်နားလည်တတ်ကျွမ်းပြီးသား
သူတောင်းစားတို့ရှိအပ်သော ဂုဏ်အင်္ဂါ
ယင်တ၀ဲဝဲအနာတွေလည်း ကျွန်တော့်မှာပြည့်စုံစွာ
ဆုတောင်းပတ္ထနာတွေလည်း ဧကန်ဧက
အမျိုးပေါင်း ၄၀ကျော် ရွတ်ဆိုပြနိုင်သေးသပ
ချဉ်သိုးသိုးထမင်းမျိုးကိုလည်း နယ်ဖတ်ကာ
ဆာလောင်မြိန်ယှက်စွာ စားကောင်းစားပစ်တတ်တာ
ကျွန်တော့်အစာအိမ်ဟာ နှစ်ပေါင်းများစွာ
အတွေ့အကြုံရှိပြီးသား
ဘယ်တော့မှ သူ့လုပ်ဆောင်ချက်တွေ မယွင်းမှား
ငှက်ပျောနဲ့ ဖရဲဟာ
လိုအပ်ရင် အခွံရောစားသုံးနိုင်တာ
အရသာဆိုတာ လျှာပေါ်မှာဖြစ်တဲ့ကိစ္စ
ဘာမျှ မထူးဆန်းဘူးပ
သူတောင်းစားတစ်ယောက်ရဲ့ ဂုဏ်သတ္တိဟာ
ဆင်းရဲမွဲတေခြင်းပါ
ကမ္ဘာမြေကထုတ်လုပ်လိုက်တဲ့ ဆင်းရဲမွဲတေမှုမှန်သမျှ
နေ့စဉ် ကျွန်တော်လက်ခံရယူနေကျ
ဆင်းရဲမွဲတေမှုတွေနဲ့ ရိုးအီနေတဲ့ ကျွန်တော့်ကမ္ဘာ
လူကြီးမင်းတို့ရဲ့ ဂရုဏာဓာတ်တွေ
ရှင်သန်စိုက်ပျိုးဖြစ်ထွန်း အောင်မြင်ရာ
ဒါကြောင့် ကျွန်တော်ဟာ ဟမ်ဘာဂါတစ်ဖဲ့ စားသောက်ခဲ့ဖူး
ဖိုက်ဖိုက်ဖိုက်စီးကရက်လည်း ဖွာရှိုက်ခဲ့ဖူး
ထူးဆန်းတဲ့ ဟောဒီကမ္ဘာမြေ
တစ်ခါတရံ ကံကြမ္မာက မျက်စပစ်ပြတတ်ပေ
ကျွန်တော့်အနာပေါ် ယင်ကောင်တွေဝဲနေသမျှ
ပေးကမ်းတာတွေ စားသောက်နေရဦးမှာ မုချ
ကျွန်တော် ၁၅နှစ်သားမှာ
ရေတစ်ကြိမ်ချိုးဖူးတာ
အသက် ၂၀ကျော်အရွယ်မှာတော့
လက်သည်းတွေ ညှပ်ခဲ့ဖူးသေးသပေါ့
ဟောဒီဘ၀မှာ ကျွန်တော်ပိုင်ဆိုင်ခဲ့တာတွေက
ကြမ်းပိုး ၁၆ကောင်နဲ့ လွယ်အိတ်တစ်လုံးမျှ
ဒါပေမယ့်ကွာ…….
ကျွန်တော်တစ်ခုတော့တွေးမိရင်း မျက်ရည်စို့
လူတစ်ယောက် သူဝမ်းနည်းကြေကွဲတဲ့အခါ မျက်နှာအပ်ပြီး
ငိုချလိုက်ဖို့
ရင်ခွင်တစ်ခု တကယ်လိုအပ်တယ်လို့
ဟိုတုန်းတစ်ခါကတော့ ကျွန်တော့်ဘေးမှာ
(ယုံကြပါ့မလား) အဖော်မွန်တစ်ယောက်ရှိခဲ့ဖူးလေရဲ့ဗျာ
သင်္ချိုင်းမြေမှာ ကျီးတွေတအားအားပြိုသွား
ခုတော့ ဒါဟာ အိပ်မက်တစ်ခုပမာမှုန်ဝါး
ပေါင်မုန့်မီးကင်၊ ကြက်ဥဟပ်ဖ်ရိုက်၊ ဒိန်ခဲနဲ့စည်သွပ်ဘူးတွေရှိရာ
မြို့ထဲကို
ကျွန်တော်နေ့စဉ်ရောက်ခဲ့ပေါ့ သူ့အလိုလို
အစ်ကိုကြီးတို့ အစ်မကြီးတို့ခင်ဗျား
ထမင်းကျန် ဟင်းကျန်လေးများရှိရင် စွန့်ကြဲပါ့သနား။    ။

(ကဗျာရေးလို့မကြီးပွားဘူးဆိုတဲ့ ချစ်ဇနီးသို့)
၁၉၉၈၊ ၁၀၊ ၁၈

Leave a comment

ဒီဘ၀မှာ ငါရတဲ့ဝေစု

(မင်းငါ့ကို သိပ်ချစ်တာပဲလားလို့မေးတဲ့)
ဇနီး – ၁
(အဖေကို စိတ်တိုင်းသိပ်မကျတဲ့)
သား – ၂
(ငါနဲ့ စိတ်ဓာတ်တော်တော်တူတဲ့)
သမီး – ၁
အိမ်ကလေးတစ်လုံး၊ ရေကန်လေးတစ်ကန်
အသီးသီးတဲ့ ဗာဒံပင်လေးတစ်ပင်
ဟုတ်ယောင်ထင်မှတ်မှားမှုတစ်ခု
တစ်ဝက်တစ်ပျက်အောင်မြင်ကျော်ကြားမှုတစ်ခု
အပြင်းစားသံဝေဂ ၁ ခု
ပိုက်ဆံအိတ်အခွံ ၁ ခု
ငွေစက္ကူနည်းနည်းပါတဲ့ ပိုက်ဆံအိတ် ၁
မရေးရသေးတဲ့ ၀တ္ထုတို ၃၂ပုဒ်
ဂုဏ်ပြုဆုလက်မှတ် ၁ စောင်
အပေါင်လက်မှတ် ၁ ရွက်
ဆဲရေးသံ (အလုံအလောက်)
ပုလင်းခွံတစ်လုံး
(အရင်တုန်းက ငံပြာရည်ထည့်တာ)
ဖောင်တိန်တစ်ချောင်း
(ဖောင်တိန်ထဲမှာ ငါတို့မျက်ရည်တွေ)
ကင်ဆာဆဲလ်တွေ ဖော်ပြထားတဲ့ ဓာတ်မှန်တစ်ချပ်
မုန်လာချဉ်ပုလင်းကလေးတစ်လုံး
ပြုံးရယ်နေတဲ့ ငါတို့မိသားစု ဓာတ်ပုံတစ်ပုံ။    ။

Leave a comment

မက်လင်ပင်ကြီးတွေအောက်မှာ

ကွယ်လွန်သွားတဲ့ ဇနီးသည်ရဲ့သေတ္တာကို
ဒီမနက်မှာတစ်ဖန်
ဖွင့်ကြည့်လိုက်တော့
မက်လင်ပင်ကြီးများ ပေါက်ရောက်နေတာတွေ့ရ

ငါလေ
မက်လင်ပင်ကြီးတွေအောက်မှာ
တစ်ယောက်တည်းလျှောက်သွား
စာအုပ်တစ်အုပ်ရေးဖို့ စဉ်းစားမိ
အဲဒီစာအုပ်ဟာ““အကယ်၍”” ဆိုတဲ့စကားလုံးမပါတဲ့
စာအုပ်ပေါ့ကွာ

ငါ မက်လင်ပင်ကြီးတွေအောက်မှာ
နာရီပေါင်းများစွာကြာမြင့်ခဲ့
ဝါကျတစ်ကြောင်းမှလည်း မရခဲ့ပါဘူး

ချစ်ဇနီးရေ
မက်လင်ပင်ကြီးတွေအောက်မှာ
အမြဲပဲအေးစိမ့်နေတာဟာ
တစ်စုံတစ်ယောက် ငိုကြွေးခဲ့တဲ့မျက်ရည်တွေ
စွတ်စိုယိုစိမ့်နေခဲ့လို့ပဲ ဖြစ်မှာပေါ့။

2004.2.20

Leave a comment

မ၀င်းမေသို့အလွမ်း

ဆာလောင်ခြင်းဟာ
ပေါင်မုန့်ထဲကို ၀င်ရောက်သွားတယ်
ကိန်းဂဏန်းတစ်ခုအဖြစ်ပြန်ထွက်လာရဲ့
ကျွန်ုပ်အတွက်
သင့်မှာ ဘာတာဝန်မှမရှိပါ
ကျမ်းဂန်က ဘယ်လိုပြောပါလည်း
မင်းကိုငါချစ်နေမြဲ
ဒီဒဏ္ဍာရီရဲ့ လက်တွေ့ကျပုံက
ဇွန်ပန်းများနဲ့ ဖဲချပ်အဟောင်းကလေးတွေ
အဆွေခင်ပွန်းဖွဲ့ခဲ့တာပေါ့
ကိန်းဂဏန်းတစ်ခုက
ပေါင်မုန့်ထဲကို ၀င်ရောက်သွားတယ်
ဆာလောင်ခြင်းအဖြစ် ပြန်ထွက်လာရဲ့
ကြမ်းပိုးတွေအကြောင်းကို ရေးဖွဲ့ရမှာလား
ပိုးဟပ်တွေအကြောင်းကို ရေးဖွဲ့ရမှာလား
ပြောစမ်းကွာ
မင်းပိုက်ဆံတွေ ငါသုံးခဲ့တာ
ဒီလိုနွေရာသီမှာပေါ့
မင်းတံစက်မြိတ်မှာ ငါခိုခဲ့တာ
ဒီလိုမိုးရာသီမှာပေါ့
မင်းအိပ်ရာမှာ ငါအိပ်ခဲ့တာ
ဒီလိုဆောင်းရာသီမှာပေါ့
သဲလွန်စက
မြို့နဲ့မဆံ့ဘူး
ငါတို့ပျော်ခဲ့ဖူးပုံတွေ တွေးတွေးပြီး
မျက်ရည်ကျရတယ်
တစ်ယောက်တည်း။    ။

2003.10.27

Leave a comment

အချစ်အကြောင်းပြောတဲ့ ကဗျာတစ်ပုဒ်

ကမ္ဘာကျော်ကဗျာဆရာတစ်ယောက်ရဲ့ အချစ်ကဗျာတစ်ပုဒ်ရှိတယ်
ရည်းစားနှစ်ယောက်ထားမယ်
အေးမြတဲ့အသားအရေနဲ့ ချစ်သူတစ်ယောက်
နွေရာသီမှာ အတူရှိဖို့
ပူနွေးတဲ့အသားအရေနဲ့ ချစ်သူတစ်ယောက်
ဆောင်းရာသီမှာ အတူရှိဖို့
မိုးရာသီမှာတော့ ငါတစ်ယောက်တည်း
အခန်းထဲမှာ ကဗျာတွေရေးနေမှာ… တဲ့

ဒီကဗျာဟာ
ကမ္ဘာကျော်ကဗျာဆရာတစ်ယောက်ရေးခဲ့တယ်ဆိုတာ
မယုံနဲ့တော့ကွာ
ငါရေးထားတာမို့လို့ပဲကွဲ့
ချစ်ဇနီးရေ
ငါဟာ ကမ္ဘာမကျော်ပေမယ့်
မင်းရှိနေတဲ့အခါ ပြည့်စုံပါပြီကွာ
နွေအခါမှာ မင်းအသားအရေဟာ အေးနေပြီး
ဆောင်းအခါမှာတော့ မင်းအသားအရေဟာ နွေးနေတယ်လေ
မိုးရာသီမှာတော့
မင်းရင်ခွင်ထဲ ငါပုန်းနေမှာပေါ့။    ။

2002.9.23

Leave a comment