Archive for category ချစ်ဇနီးသို့ အမှတ်ရချက်များ

ချစ်ဇနီးသို့အမှတ်ရချက်များ

၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီ ၃ရက်နေ့လည်ခင်းမှာ ကျွန်တော့်ဇနီးကွယ်လွန်ခဲ့သည်။ နေ့ရက်တွေက ရပ်တန့်မသွား။ အဆက်မပြတ် တစ်ရက်ပြီးတစ်ရက် ရောက်ရှိလာ သည်။ ရောက်ရှိလာသောနေ့ရက်များကို မလွဲမသွေဖြတ်သန်းရသည်။ နေ့တွေ ညတွေ နေ့ရက်တွေက ပူလောင်မှုကို တစ်စတစ်စလျော့ပါးသက်သာရာ ရစေခဲ့သည်။ သို့ပါသော်လည်း သတိရခြင်းသည် အဝေးကခေါင်းလောင်းသံလို မြည်နေတတ်လေသည်။ အလွန်ဆိုးရွားသောအိပ်မက်ကြီးတစ်ခုကို ကျွန်တော်မြင်မက်ခဲ့ရသည်။ နိုးလာသောအခါ ချွေးစေးတွေနှင့်။ အိပ်ရာဘေးကိုကြည့်လိုက်တော့ ကျွန်တော့ဇနီးမရှိတော့။ အဖြစ်အပျက်သည် ဤအတိုင်းပင်။ အရာရာကို ကျွန်တော်လက်ခံဖို့ ကြိုးစားခဲ့ရသည်။ “မပျော်ရွှင်ဘူး”ဆိုတာနဲ့လည်း မလုံ လောက်။ သတိရချိန်များ၌ စာရေးရန်မှတပါး အခြားမရှိသလိုပင်။ ဘ၀တစ်ခြမ်းပဲရှိသောအခါ ပျော်စရာဆိုလျှင် တစ်ဝက်သာပျော်ရွှင်ရပြီး ကြေကွဲစရာဆိုလျှင်တော့ နှစ်ဆတိုးခံစားရသည်ဟု မှတ်စုစာအုပ်ထဲမှာ ကျွန်တော်ရေးခဲ့မိသည်။ ယခုရေးသားချက်များသည် ချစ်ဇနီးသို့ သတိရချက်များ ဖြစ်ပါသည်။

လေးစားစွာဖြင့်
နေမျိုး

2004.2.21

Leave a comment

ချစ်ဇနီးသို့

ချစ်နေသေးသည်၊ မင်းအမည်ကို
ချစ်နေသေးသည်၊ မင်းအင်္ကျီကို
ချစ်နေသေးသည်၊ မင်းမှီဝဲတဲ့
ဆေးတွေကို။
ချစ်နေသေးသည်၊ မြေမဟီ၌
မိုက်မဲသောသူ၊ ငါ့လိုလူကို
ကြည်ဖြူနှစ်သိမ့်ခဲ့ပုံတွေ။
ချစ်နေသေးသည်။ ဘယ်ဝယ်ဆီ၌
ဆိုက်ရောက်တည်ရာ၊ မသိပါလည်း
ဤကမ္ဘာဝယ်၊ ရင်ရွှင်ပြုံးပြ
တစ်ဘ၀လုံး၊ ချစ်မဆုံးသူ
သူ့ကိုလေ။
ချစ်သူဓလေ့၊ မမေ့ဘူးလေ
သေရည်တစ်အိုး၊ ညမိုးချုပ်ပျောက်
ငါမျိုသောက်မိ၊ မိုးသောက်ယံတွင်
အိမ်ပြန်ချင်ပြီ၊ အရင်လို
တံခါးဖွင့်ပေးပါ။

2003.8.12
ကျွန်တော် အိမ်ပြန်နောက်ကျသောညများ ရှိခဲ့သည်။ အပေါင်းအသင်းတွေ မင်ခဲ့မိသည်။ ညည့်နက်သန်းခေါင်ကျော်မှ အိမ်ကို ပြန်ရောက်လာတတ်တဲ့ညတွေမှာ ကျွန်တော့်ဇနီးက အိမ်အပေါ်ထပ်မှာ မီးဖွင့်ကာ မအိပ်နိုင်သေးဘဲ စောင့်မျှော်နေ တတ်သည်။ လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူမရှိတဲ့အခါမှာ ပိုလို့ သိသာလာရသလိုပင်။ ယခုရက်ပိုင်းတွေ ညကြီးမိုးချုပ်မှ အိမ်ကိုပြန်လာခဲ့ရတဲ့ညတွေမှာ သူ့ကို ပိုလို့ သတိရဖွယ်ပင် ဖြစ်လေတော့သည်။ ကဗျာရေးလို့လည်း ဆွေးမြေ့သတိရမှုဟာ မပြေနိုင်ဘူး ထင်ပါရဲ့။    ။

Leave a comment

ကျွန်တော်နှင့်မ၀င်းမေ

သူသိတာတစ်ခု။ ကျွန်တော်သိတာတစ်ခု
ပေါင်းလိုက်တော့ မသိခြင်းတစ်ခု ဖြစ်သွားတယ်။

သူ့ငိုသံတစ်ဝက်၊ ကျွန်တော့်ငိုသံတစ်ဝက်
ပေါင်းလိုက်တော့ ရယ်သံအသစ်စက်စက်ဖြစ်သွားတယ်။

သူ့ပိုက်ဆံတချို့၊ ကျွန်တော့်ပိုက်ဆံတချို့
ပေါင်းလိုက်တော့ အဝေးကမြို့လေးတစ်မြို့။

သူ့အိပ်ခန်းတစ်ခန်း၊ ကျွန်တော့်အိပ်ခန်းတစ်ခန်း
ပေါင်းလိုက်တော့ ဘ၀ဇာတ်လမ်းတစ်ပုဒ်ပေါ့။    ။

2003.7.16

ကျွန်တော့်ဇနီး၏ အမည်မှာ မ၀င်းမေဖြစ်သည်။ သူ့ကို ကျွန်တော်က အစ်မမ၀င်းမေဟုခေါ်ပါသည်။ ချစ်ခြင်းကို ယခုအခါ၌ မဖွဲ့ဆိုလိုပေ။ ယခုအခါ ချစ်ခြင်းသည် သတိရခြင်းဖြစ်သည်။ ချစ်ခြင်းသည် ဓာတ်ပုံတစ်ပုံဖြစ်သည်။ ချစ်ခြင်းသည် တစ်ဖန် ပြန်လည်ကြားယောင်သော စကားသံဖြစ်သည်။ ချစ်ခြင်းသည် မိမိကိုယ်ကို ပြုပြင်ခြင်းဖြစ်သည်။ ချစ်ခြင်းသည် ရင်သွေးငယ်များကို ပြုစုပျိုးထောင်ခြင်းဖြစ်သည်။ ကြိမ်ဖန်များစွာ၌ ချစ်ခြင်းသည် မိမိအလုပ်ကို သက်ဝင်လုပ်ကိုင်ခြင်းမျိုး သာဖြစ်လိမ့်မည်။ သူ စိတ်ပူခဲ့ပုံ၊ သူ ငေါက်ငမ်းခဲ့ပုံ၊ သူ ပြုံးရယ်ခဲ့ပုံ၊ သူ ဒေါသထွက်နေခဲ့ပုံ၊ အရာရာသည် ပြီးဆုံးခဲ့ပြီ။ မှတ်ဥာဏ်၌သာ စွဲထင်ကျန်ရစ်မှုကို ကျွန်တော်ရရှိခဲ့သည်။ ကြိုးစား၍ စိတ်ကိုထိန်းပါမည်။       ။

Leave a comment

နာကျင်တဲ့ ဒဿနတွေ မရချင်တော့ဘူး

ဘ၀ဆိုတာ…..
အဲဒီလိုစလိုက်တာနဲ့ ငါ့မှာ
မျက်ရည်ဝဲရတယ်
မင်းကို တစ်ဝက်လောက်ပဲ နားလည်ခဲ့တုန်းက
သိပ်ချစ်ခဲ့ရ
တစ်ဝက်ထက်ပိုပြီး နားလည်ခဲ့တော့
ပိုပြီး ချစ်ခဲ့ရတာပေါ့
ဒါပေမယ့် အဲဒီအချိန်မှာ
မင်းက မရှိတော့ဘူးလေ
သေခြင်းတရားကို အရှင်လတ်လတ်
ငါ မြင်ဖူးခဲ့ပြီ
တအားအား အော်မြည်နေတဲ့
ကျီးကန်းတစ်ကောင်လို
တထိုင်းထိုင်း မှုတ်ထုတ်နေတဲ့
မီးခိုးငွေ့တွေလို
တ၀ီဝီလည်နေတဲ့ ဘီးတစ်ခုလို
ငါ ကျန်ရစ်ခဲ့
နာကျင်တဲ့ ဒဿနတွေ
မရချင်တော့ဘူး
အတူတကွ ရှင်သန်ခဲ့ကြဖူးတယ်
ဒါဟာ ပြောပြလို့ ဘယ်တော့မှ
ဆုံးမှာမဟုတ်တဲ့
ခက်ခဲသော ငါတို့ အကြောင်းတွေရဲ့
အစပေါ့……..။    ။

2003.2.26
အိမ်မှာ ကျွန်တော်မရှိခိုက် စာတိုက်မှ အမြန်ချောနှင့် စာအုပ်တစ်အုပ်ရောက်လာသည်။ ရန်ကုန်မြို့ ရနံ့သစ်မဂ္ဂဇင်းတိုက်မှ ဖြစ်သည်။ အမြန်ချောစာအိတ်ကို သူက လက်မှတ်ထိုး၍ယူထားလိုက်သည်။ စာအိတ်ကိုဖွင့်၍ စာအုပ်ကိုလှပ်လိုက်တော့ အထဲမှာ စာမူခပါပါလာသည်။ ပျော်ဖို့ကောင်းတဲ့ အဖြစ်အပျက်လေးတစ်ခု အိမ်မှာရောက်နေပြီဆိုတာကို မသိသေးဘဲ အပြင်မှ ကျွန်တော်ပြန်ရောက်လာသည်။ သူက အစ်မကြီးတစ်ယောက်လို တည်ငြိမ်မှုမျိုးနဲ့ ကျွန်တော့်ကိုအမြဲတမ်း စောင့်ကြိုတတ်သူဖြစ်သည်။ ကျွန်တော့်ဝင်ငွေကို အကောင်းဆုံး စီမံခန့်ခွဲသူ ဖြစ်ရုံမက ဘ၀၌ ကျွန်တော့်ကို ပို၍လေးနက် သူ ဖြစ်စေခဲ့သည်။ အကျပ်အတည်းများကြား၌ အတူတကွရှင်သန်ခဲ့ရ၊ ပျော်ရွှင်ခဲ့ရပုံတွေသည် ယခုထိ ရှင်သန်နေသော ပုံရိပ်များဖြစ်သည်။ ကျွန်တော် အစားမှား အစာအိမ်အချဉ်ပေါက်ပြီး ၀မ်းဗိုက်တစ်ခုလုံး မခံမရပ်နိုင်လောက်အောင် နာလာသောနေ့က စိုးရိမ်ကြီးစွာဖြင့် ဆေးခန်းကိုပို့ခဲ့ပုံမှာ တသဖွယ်ပင်။ ဆေးခန်းကအပြန်မှာ တစ်ကိုယ်လုံးချမ်းတုန်ကာ နေလို့ ချစ်ဇနီး အစ်မ မ၀င်းမေက ကျွန်တော့်ကိုကောင်းစွာ ဖေးမခဲ့ပေသည်။    ။

2 Comments

အစ်မ မ၀င်းမေသို့ …..

နှစ်ကာလတွေဟာ ဘက်ဂီယာထိုးပြီး
မြို့ကလေးဆီရောက်သွားတယ်
နှစ်ထပ်အိမ်ကလေး ပြတင်းတွေ
အကုန်ဖွင့်ထားတယ်
ဟင်းအိုးထဲက ဟင်းနံ့တွေ
ပျံ့လွင့်နေတယ်
ရေပိုက်ခေါင်းက ရေတွေ
ထွက်ကျနေတယ်
ကြိုးတန်းမှာ အ၀တ်စိုတွေ
လှန်းထားတယ်
သူက ပိုစတာကြီးတစ်ချပ်ရေးလို့
သူမက ရေချိုးပြီးစ
ပုခက်ထဲမှာ ကလေးအိပ်ပျော်နေရဲ့။

နှစ်ကာလတွေ ဂီယာပြောင်းပြီး
သူ့ မူလနေရာကို
ပြန်ရောက်လာတယ်။
နှစ်ထပ်အိမ်ကလေး ပြတင်းတွေ
အကုန်ပိတ်ထားတယ်
အိမ်ထဲမှာ ဓာတ်ပုံတစ်ပုံ
ဓာတ်ပုံရှေ့မှာ သူရယ်
ကလေးတွေရယ် ငြိမ်လို့
ညကြီးမင်းကြီး အပြင်မှာ
သစ်ရွက်တွေ ကြွေနေသလား
မသိဘူး။             ။

2002.5.31
အပြင်မှာ သိပ်အေးသည်။ ပြတင်းပေါက်တွေကို ပိတ်ထားရသည်။ ညသည် တိတ်ဆိတ်၍သာ။ ကလေးတွေ အိပ်ပျော်နေ ကြပြီ။ အမေက သူ့မြေးတွေကို ချော့မော့ကာသိပ်ခဲ့သည်။ ကျွန်တော် အိပ်ရေးမ၀။ အိပ်စက်လိုက်ရမလား။ ဟိုဖက်အတွင်း ခန်းထဲမှာ သူရှိနေသလိုလို။ အိမ်အောက်ထပ်မှာ လမ်းလျှောက်နေသလိုလို။ အ၀တ်အစားတွေ မီးပူထိုးနေသလိုလို။ ဒါမှမဟုတ် ရေပိုက်ခေါင်းကို သွားပိတ်နေသလား။ ဗာဒံရွက်တွေ ကြွေလျှင် မနက်လင်းတော့ သူတံမြက်စည်းနဲ့လှည်းမှာပဲ။ ညည မိုးချုပ်အပြင်ထွက် ကဖေးဆိုင်ထိုင်တာ သူမကြိုက်။ သူမရှိတော့ဘူးဆိုတာ လက်ခံလို့မရ။ အပြင်မှာ သိပ်အေးသည်။ ဆောင်းနှောင်း ဖေဖော်ဝါရီ။                  ။

Leave a comment

နောက်တစ်ကြိမ် ထပ်မံ မတွေ့ဆုံမီ

ဘယ်အရာတွေကများ
သင့်ကိုလွမ်းစေမှာ
အားလုံးပဲအဆွေး
ကတ်ကျေးတစ်လက်ကလည်း ကျွန်ုပ်ကို
လွမ်းစေမိပေါ့။
ပန်းချီဆရာတစ်ယောက်ရဲ့ဇနီး
အဖြစ်နဲ့ စာလုံးအက္ခရာ သူမ
ကိုက်ညှပ်နေပုံကို
သတိရစေခဲ့လေရဲ့။

ဘယ်အရာတွေကများ သင့်ကို
လွမ်းစေမှာ
အရာအားလုံးပဲ ကျောက်ပျဉ်ပေါ်က
သွေးလက်စ သနပ်ခါးတုံးကလေးကလည်း
ကျွန်ုပ်ကိုလွမ်းစေမိ
သင်းပျံ့တဲ့ကိုယ်ရနံ့နဲ့ ရိုးရှင်းတဲ့မျက်နှာကို
သတိရစေခဲ့လေရဲ့။

ဘယ်အရာတွေကများ သင့်ကို
လွမ်းစေမှာ
အရာအားလုံးပဲ
ကိုင်းကျိုးနေတဲ့ လက်ဖက်ရည်ပန်းကန်လေးကလည်း
ကျွန်ုပ်ကို လွမ်းစေမိ
အငွေ့တလူလူ
သင်းပျံ့စေးပိုင်တဲ့
လက်ဖက်ရည်တစ်ခွက်ကို
နှစ်ယောက်အတူသောက်ခဲ့ပုံ
သတိရစေမိပေါ့။

ဘယ်အရာတွေကများ သင့်ကို
လွမ်းစေမှာ
အရာအားလုံးပဲ ကွက်လပ်ဖြစ်နေတဲ့
အိပ်ရာကလည်း
ကျွန်ုပ်ကို လွမ်းစေမိ
ကိုယ်ငွေ့ချင်းကူးစက်
ညည့်နက်နက်ထိ စကားဆိုမိကြပုံကို
သတိရစေခဲ့လေရဲ့။

ဘယ်အရာတွေကများ သင့်ကို လွမ်းစေမှာ
အရာအားလုံးပဲ
ညစာချက်ပြုတ်ရာ မီးဖိုကလေးကလည်း
ကျွန်ုပ်ကို လွမ်းစေမိ
အိမ်ထောင်ရှင်မ ပီသနိုင်ခဲ့ပုံတွေကို တရေးရေး
မြင်ယောင်မိစေခဲ့ပေါ့။

ဘယ်အရာတွေကများ သင့်ကို လွမ်းစေမှာ
အရာအားလုံးပဲ လက်ကိုင်ပုဝါနဲ့ထုပ်ထားတဲ့
သူမ
နောက်ဆုံး ကိုင်တွယ်ခဲ့ရာ
ငွေစက္ကူလေးတွေကလည်း ကျွန်ုပ်ကိုလွမ်းစေမိ
လိုချင်တာအားလုံး ၀ယ်ပေးမယ်လို့ပြောပြခဲ့
သူ့ရဲ့စကား အပြုံးတစ်ဝက်နဲ့ နားထောင်ခဲ့ပုံကို
အမှတ်ရစေခဲ့ပေါ့။

ဘယ်အရာတွေကများ သင့်ကိုလွမ်းစေမှာ
အရာအားလုံးပဲ ၊ သဲကြိုးဖြူဖြူ
ဖိနပ်ကလေးတစ်ရံကလည်း
ကျွန်ုပ်ကို လွမ်းစေမိ
ဈေးနဲ့အိမ် အိမ်နဲ့ဈေးတစ်လျှောက် နေ့စဉ်
သူလျှောက်ခဲ့ပုံကို
အမှတ်ရစေခဲ့ပေါ့။

ဘယ်အရာတွေကများ သင့်ကိုလွမ်းစေမှာ
အရာအားလုံးပဲ
အပ်ကလေးတစ်ချောင်းကလည်း
ကျွန်ုပ်ကို လွမ်းစေမိ
လက်ညှိုးထိပ်က ဆူးငြှောင့်ကို
ဂရုတစိုက် နွှင်ပေးခဲ့ပုံတွေ
အမှတ်ရစေခဲ့ပေါ့။

ဘယ်အရာတွေကများ သင့်ကိုလွမ်းစေမှာ
အရာအားလုံးပဲ အဆွေ၊ ညအခါ
အလင်းရောင်ထွက်ပေါ်နေတဲ့ အပေါ်ထပ်
ပြတင်းတံခါးကလည်း
ကျွန်ုပ်ကို လွမ်းစေမိ
တစ်ခါတစ်ခါ ညည့်နက်သန်းခေါင်မှ
ပြန်လာတတ်သူကို ပူပန်စိတ်နဲ့ တစ်ညလုံး
စောင့်မျှော်နေခဲ့ပုံတွေ
သတိရစေခဲ့ပေါ့။

ဘယ်အရာတွေကများ သင့်ကို လွမ်းစေမှာ
အရာအားလုံးပဲ အဆွေ…
အိမ်ဝိုင်းထဲ သစ်ရွက်တွေ
လှုပ်အောင်တိုက်ခတ်နေတဲ့
လေထဲမှာ သူ့အသံကို လိုက်ရှာမယ်
ပြီးတော့ …….
မျက်လှည့်ဆရာရဲ့
သေတ္တာကြီးထဲက
သေဆုံးကွယ်လွန်သူတွေ
ပြန်လည်အသက်ဝင်
ရှင်သန်လာတဲ့အကြောင်း
ရေးထားတဲ့ စာအုပ်တစ်အုပ်
ရှာဖတ်နေမယ်။
နောက်တစ်ကြိမ် ထပ်မံမတွေ့ဆုံမီ
အထိလေ…..။      ။

2000.8.7
သူမရှိတော့ ကျွန်တော်ဟာ အစောပိုင်းရက်တွေမှာ နေလို့မရခဲ့ပါဘူး။ ရေအိမ်ထဲသွားပြီး ကလေးတွေမသိအောင် ငိုမိတယ်။ ဟန်ဆောင်ရတယ်။ လူကောင်းတစ်ယောက်လို၊ တည်ငြိမ်နေတဲ့လူတစ်ယောက်လို၊ အစစ်အမှန်ကိုသာ ပေးချင်သူပါ။ အစစ်အမှန်ကိုသာ ရချင်သူပါ။

သို့ပါသော်ငြား ကျွန်တော်ဟန်ဆောင်ရတယ်။ အစစ်အမှန်ဆိုတာ ဘာပါလိမ့်။ ပြောပြစမ်းပါ။ အရက်ဆိုင်မှာ ဇက်ကျိုးကျနေတာဟာ အစစ်အမှန်လား။ ညည အိပ်မပျော်တာဟာ အစစ်အမှန်လား။ ဘုရားစင်ရှေ့ ဒူးထောက်ငြိမ်သက် နေတာဟာ အစစ်အမှန်လား။ စာရွက်ပေါ်မှာ စာလုံးတွေ ချရေးဖို့ဟာ အခက်ခဲဆုံးနဲ့ အတုန်လှုပ်ရဆုံးပေါ့။ သားငယ်ကပြောတယ်။ အမေနဲ့ ခဏလေးဖြစ်ဖြစ် တွေ့ချင်တယ်တဲ့။ ဘယ်လိုလဲကွာ။ တွေ့ခွင့်ရမလား။ ငါလေ….. မီးသင်္ဂြိုလ်စက်ကြီးကိုကြည့်ပြီး အဝေးကြီးဆီ လွမ်းခဲ့မိတယ်။         ။

Leave a comment

ငါတို့ရန်ဖြစ်ခဲ့ကြဖူးတယ်

အခန်းကျဉ်းကလေးထဲမှာ ငါတို့ အလည်လွန်ကြဖူးတယ်။
နောက်ပြီး ငါတို့ ရန်ဖြစ်ခဲ့ကြဖူးတာပေါ့။
အဲဒီနေ့က မင်းချက်တဲ့ထမင်း ငါမစား။ လမ်းဟိုဘက်ကဆိုင်မှာ
သွားစားတာပေါ့။ အဲဒီနေ့က မင်းပြောတဲ့စကားတွေ ငါ
နားမထောင်။ မကြားချင်ယောင်ဆောင်ခဲ့တာပေါ့။
မင်းကိုငါမနမ်း။ အသက်ရှုသံတွေကြမ်းခဲ့သပေါ့။ ဒါပေမယ့်
ချစ်ဇနီးရေ…လမ်းဟိုဘက်ကဆိုင်မှာ ငါတစ်ယောက်တည်း ထိုင်
စားနေရင်း မင်းကို ပန်းကန်ထဲက အသားဖတ် ခပ်ပြီး ကျွေးချင်ခဲ့တာ
တကယ်ပေါ့။
မင်းစကားတွေ ငါနားမထောင်ပေမယ့် မင်းပြောသမျှ ငါ
လက်ခံရဖို့မှာ လုံလောက်တဲ့အချက်တွေရှိတယ်ဆိုတာ ငါနားလည်
ပြီးသားပါကွာ။ အိပ်ရာထဲမှာ မင်းကဟိုဘက်လှည့်။ အိပ်ရာထဲမှာ
ငါက ဒီဘက်ကိုလှည့်။ အဲဒီလို တစ်ဦးနဲ့တစ်ဦး ကျောပေးထား
ခဲ့ကြပေမယ့် ငါ့ကမ္ဘာမှာ မင်းကအဓိကဖြစ်သလို မင်းကမ္ဘာမှာ
ငါက အဓိကပါပဲ။ ဟုတ်ရဲ့လား။ မင်းက ဟိုဘက်လှည့်ရင်းအိပ်
ပျော်သွား။ အိပ်ပျော်ရင်း ညဥ့်နက်နက်ရောက်တော့ “နေမျိုးရေ”
လို့ ယောင်ပြီး အော်ခေါ်ချေပေါ့။ ငါက မအိပ်ဘဲ မင်းကိုချစ်ရတဲ့
အဲဒီအကြောင်းတွေ ကဗျာရေးနေတယ်လေ။     ။

2002.6.4
အိပ်ရာထဲမှာ ခြင်တစ်ကောင်ဝင်လာပြီ။ တ၀ီဝီမြည်နေပြီဆိုလျှင် သူက နိုးလာလေ့ရှိသည်။ ကလေးတွေကိုစောင်ခြုံ၊ ခြင်ထောင်ကိုဖိ၊ အထဲမှာ တ၀ီဝီမြည်နေတဲ့ခြင်ကို နှိမ်နင်းဖို့ကြိုးစားတော့သည်။ သူက ကျွန်တော့်ကိုချစ်သော ချစ်ခြင်းသည် ကလေးတွေဆီ ရောက်ရှိသွားလေပြီ။ သူက ကျွန်တော့်ကို ကျွန်တော်ကသူ့ကို ဆိုတာတွေ မရှိတော့ပြီ။ နှစ်ယောက်အတူတူ တစ်မျိုးတည်းလေ။ နေပါဦး၊ ကျွန်တော် ဘာတွေ လျှောက်ရေးနေမိပါလိမ့်။ သူကြိုက်ပါ့မလား။ ရေးကား ရေးမိခဲ့ချေပြီ။ ချစ်ခြင်းလျှင် အမွန်အစနှင့်ရှိသော……။              ။

Leave a comment