Archive for category စကားပြေ

အိပ်မက်

မနေ့ညက အစ်မကို အိပ်မက်မက်သည်။

အိပ်မက်ထဲမှာ အစ်မလာနေတာကို ငါကသိနေသည်။

ဒါပေမယ့် အစ်မကိုမမြင်ရ။

ငါ့မျက်လုံးတွေက ဘာကိုမျှ သဲသဲကွဲကွဲမမြင်ရဘဲ ဖြစ်နေသည်။

အစ်မ ငါ့အနားရောက်လာတော့ ၀ိုးတ၀ါးမြင်လာရသည်။

အစ်မပုံဟန်က ဟိုအရင် နေကောင်းစဉ်က ပုံမျိုးလိုပါပဲ။

အစ်မ ငါ့ဆီလာလို့ ပြောပြီး ငါက လက်မောင်းထိုးပေးလိုက်တော့ အစ်မက ၀င်လာသည်။

ဝင်လာပြီး ငါ့လက်မောင်းပေါ်အိပ်သည်။

မအိပ်ခင် အစ်မမျက်နှာကို အနီးကပ် ငါမြင်လိုက်ရသည်။

အစ်မကလည်း ငါ့ကို စကားတစ်ခွန်းပြောသည်။

““ငါ့မျက်နှာ မီးလောင်ထားတယ်””တဲ့။

အစ်မမျက်နှာကို သေသေချာချာကြည့်လိုက်တော့ မီးလောင်ဒဏ်ရာကြီးကို တွေ့လိုက်ရ၏။

အသားအရောင်ကလည်း မည်းမည်းညို့ညို့။

အစ်မ ကောင်းရာမွန်ရာ ဘုံဘ၀ရောက်ပါစေ။   ။

 27.4.2000

Advertisements

1 Comment

ဆုတောင်း

အနမတဂ္ဂ  ဆုံးစမထင်  သံသရာတစ်ခွင်၌    ကျင်လည်ကြရာ

သင်သည်လည်းကောင်း၊ ငါသည်လည်းကောင်း သင့်ဆွေသည်

လည်းကောင်း၊ ငါ့ဆွေသည်လည်းကောင်း၊ သောကနည်းသော၊

ပူပန်တုန်လှုပ်ခြင်းကင်းသော၊ မေတ္တာနှင့်ယှဉ်သောစိတ်ကိုဖြစ်စေ၍

မိုက်မဲသောအမှုတို့နှင့် ကင်းကွာတတ်သိ လိမ္မာလွယ်သော ကိုယ်

ဖြစ်စေပြီး သုစရိုက်အမှုတို့၌ အလေ့အထုံရှိကာ အနာကင်းလျက်

သစ္စာဥာဏ်မရမီမှာ ဖြောင့်မှန်သော လမ်းပေါ် သူ့ အလိုလို

လျှောက်မိပါစေတော့။         ။

2002.3.3

(၃-၂-၂၀၀၀) တွင်ကွယ်လွန်သွားသော ချစ်ဇနီး အစ်မ မ၀င်းမေကို အောက်မေ့သတိရစွာဖြင့် အလွမ်းပြေရေးဖွဲ့ပါသည်။

Leave a comment

ကဖေးဆိုင်ထဲက နေ့လည်ခင်း

““ရှင် ကိုနေမျိုး မဟုတ်လား””

            လူသူ ရှင်းလင်းတိတ်ဆိတ်သော ကဖေးဆိုင်တစ်ဆိုင်၏ အတွင်းပိုင်းတစ်ပိုင်း၊ နေရာတွင် ကျွန်တော်ထိုင်နေချိန် မှာ ဖြစ်သည်။ လူလတ်ပိုင်းအမျိုးသမီးကြီးတစ်ဦးသည် ကဖေးဆိုင်အတွင်းသို့ ၀င်ရောက်လာခဲ့ပြီး ကျွန်တော့်စားပွဲဆီသို့လာ ကာ အထက်ပါအတိုင်း မေးမြန်းလိုက်သည်။ သူ့အသံမှာ တရင်းတနှီးရှိလှသည်။ သူ့ပုံစံက ဖျော့နွမ်းနေသလိုထင်ရသည်။ ဧပြီလ၏ခြောက်သွေ့ပူပြင်းသော နေ့လည်ခင်းချိန်တွင်သူသည် ခရီးတစ်ခုကိုဖြတ်သန်း၍ ဤနေရာသို့ရောက်ရှိခဲ့ပုံရသည်။ ကဖေးဆိုင်အပြင်ဖက်တွင် ဗာဒံပင်က စိမ်းသောသစ်ရွက်များဖြင့်။ လေငြိမ်နေသဖြင့် သစ်ရွက်တို့တိတ်ဆိတ်နေလေသည်။ ဗာဒံပင်အရိပ်ထဲတွင် ကလေးငယ်လေးတစ်ယောက်။ တုတ်တစ်ချောင်းဖြင့် မြေပြင်ကိုရေးခြစ်ကာ ဆော့နေသည်။ ခွေးကလေး တစ်ကောင်က သူ့ဘေးမှာ ကျကျနန၀ပ်လို့။

            ““ရှင် ကိုနေမျိုး မဟုတ်လား””

            အမျိုးသမီးသည် ကျွန်တော့်ကိုထပ်မံကြည့်ရှုကာ မေးမြန်းလိုက်ပြန်သည်။ သူ့အသံထဲတွင် သေချာလိုမှု အာတုံ့ အားနာဖြစ်မှုတို့ ရောစွက်ကာ တုန်ခါနေသလိုပင် ကျွန်တော်ကထင်မိသည်။ သူ့ပါးပြင်မှာ သနပ်ခါးကျဲကျဲလိမ်းထားခဲ့ပုံရ၏။ ယခုတော့ ချွေးတွေစို့ကာ ပျက်ပြယ်စပြုနေပြီ။ ကဖေးဆိုင်၏ ငြိမ်သက်တိတ်ဆိတ်မှုထဲတွင် သူမ၏အိနြေ္ဒမှာ ရောနှောသွား သည်။ ကဖေးဆိုင်၏ အခြားသော စားပွဲတစ်နေရာတွင်ရှိ အဘိုးကြီးတစ်ယောက်က ကော်ဖီပူပူကို တစိမ့်စိမ့်သောက်ကာ ကျွန်တော်တို့စားပွဲကိုစောင်းငဲ့ကြည့်နေသည်။ စားပွဲထိုးချာတိတ်ကလေးက ခါးကြားတွင်ထိုးညှပ်ထားသော လက်သုတ်ပ၀ါ မဲညစ်ညစ်ကို ဆွဲဖြုတ်ကာ စားပွဲပေါ်လာနားသောယင်ကောင်များကို ဖြန်းခနဲ ဖြန်းခနဲလိုက်ရိုက်နေသည်။ ယခုအချိန် ဆိုလျှင် ကဖေးဆိုင်ထဲက ကရားအိုးကြီးတွေကတော့ အငွေ့တလူလူနဲ့ ကျိုက်ကျိုက်ဆူနေကြမြဲ။ စောစောက အခြားသော စားပွဲတစ်ဖက်မှ အဘိုးကြီးသည် မျက်နှာလွှဲကာ သတင်းစာတစ်စောင်ကို ကောက်ယူဖတ်ရှု နေလေ၏။ ကဖေး ဆိုင်ထဲတွင် အခြားမည်သူမျှမရှိ။ သူ့အမေးကို ကျွန်တော်က မဖြေသေးမီမှာပင် အမျိုးသမီးကြီးသည် ဦးခေါင်းကိုငုံ့ကိုင်းကာ ကျွန်တော်ကို ထပ်မံစေ့စေ့စပ်စပ်ကြည့်ရှုလိုက်သည်။ ပြီးမှ .. … ..

            ““အို… စိတ်မရှိပါနဲ့နော်။ ကျွန်မလူမှားသွားလို့ပါ။ နှစ်တွေနည်းနည်းကြာခဲ့ပြီဆိုပေမယ့် ကျွန်မ သူ့ကိုမြင်ရင် ကောင်းကောင်းမှတ်မိတယ်””

 ““ဒါပေမယ့် ရှင်နဲ့သိပ်တူတာပဲ။ သူကလည်း ကျွန်မကိုတွေ့ရင် ချက်ခြင်းမှတ်မိမှာပဲဆိုတာ သိတယ်””

 ““ သူက သိပ်အမှတ်သညာကြီးတဲ့သူ””

““ဒါပေမယ့် နည်းနည်းအေးတယ်””

““အသားကတော့ ရှင့်လိုပဲခပ်ညိုညို””

““သူကပျော်တတ်တယ်””

““၀မ်းနည်းရင်တော့ ကြိတ်ငိုတာရှင့်””။

ဗာဒံပင်သည် တဖျပ်ဖျပ်အသံကိုပြုလေပြီ။ သစ်ရွက်တို့လှုပ်ရှားလာ၏။ လေပြေသည် လူးလွန့်စပြုပြီ။ ကဖေးဆိုင်အပြင်ဖက်၌ နေရောင်ခြည်က စူးစူးရဲရဲလင်းထိန် လျက်။ ကျောက်တုံးကြီးများအပြည့်တင်ဆောင်သွားသော လော်ရီကားကြီးသုံးစင်း သည် ကတ္တရာလမ်းအတိုင်း မောင်းနှင်သွားကြ၏။ ကျွန်တော်သည် မြို့အစွန်ဖျားရှိ ဤကဖေးဆိုင်ထဲ၌ နေ့လည်ခင်းများစွာ ကိုကုန်လွန်စေခဲ့ဖူးပါပြီ။ မြို့ကလေး၏ ခေါင်မိုးပေါ်မှ မိုးသားတိမ်တိုက်များ ရွေ့လျားသွားကြပုံ၊ နေရောင်ခြည် ဖြာကျထိုး ဆင်းသွားပုံ၊ အမှောင်ထုကြီး တစ်ခဲနက်ဝင်ရောက်လာပုံတို့ကို ကောင်းစွာသိရှိမှတ်မိခဲ့ပါသည်။

            ရှေးဟောင်းနှောင်းဖြစ်တွေကိုချည်း ပြန်တွေးနေ၍ မဖြစ်ပါ။ ရှေးကပျော်ခဲ့ပါးခဲ့သည်တို့ကို ပြန်တွေးနေ၍မဖြစ်ပါ။ ကွယ်လွန်လေပြီးသော မိတ်ဆွေများအတွက် သောကရောက်နေ၍ မဖြစ်ပါ။ အနာဂတ်အကြောင်းကိုသာတွေးသင့်ပါသည်။ ထိုသို့လုပ်ရန်သည်လွယ်တော့မလွယ်ကူပါ။ အတိတ်သည် ကိုယ်ပေါ်သို့ တဖြည်းဖြည်း ပိ၍ပိ၍လာတတ်ပါသည်။ ကိုယ့်ခံစားချက်များသည် ယခင်ထက်ပြင်းထန်၍ ကိုယ့်စိတ်သည် ယခင်ကထက် ထက်သန်လာသည်ဟု ထင်တတ်ကြပါ သည်။ ထိုအတိုင်းမှန်လျှင် ထိုအထင်ကို မေ့ပျောက်ပစ်သင့်ပါသည်ဟု ဘာထရန်ရပ်ဆဲလ်(Bertrand Russell)က “ဘယ်လိုအိုကြမလဲ” How to grow old`? ဟူသောစာတစ်ပုဒ်ထဲတွင် ထည့်သွင်းရေးသားခဲ့ပါသည်။

            မြို့ကလေး၏ ခေါင်မိုးထက်၌ ဧပြီလ၏ နေရောင်ခြည်နှင့်လေထုတို့ ရောယှက်ကာ ပူပြင်းတောက်ပနေကြဆဲ ဖြစ်ပါသည်။ အခြားသော တစ်ဘက်စားပွဲမှ အဘိုးကြီးသည် သတင်းစာကို ဟိုဘက်သည်ဘက် တဖျပ်ဖျပ်လှန်လှောကာ ဖတ်ရှုငြိမ်သက်လျက်ရှိ၏။ ဗာဒံပင်အောက်က ကလေးငယ်သည် မတ်မတ်ရပ်ကာ ခွေးကလေး၏အမြီးကိုဆွဲနေ၏။ ခွေးကလေးက တအိုင်အိုင်အော်မြည်လို့။ စားပွဲပေါ်မှယင်ကောင်များကို တဖြန်းဖြန်းရိုက်နေသော စားပွဲထိုးချာတိတ်က လေးသည် မဲညစ်ညစ်လက်ကိုင်ပုဝါကို ခါးကြားတွင်ပြန်ထိုးကာ စားပွဲတွင်ထိုင်၍ ဒင်္ဂါးပြားစေ့အဟောင်းတစ်ခုကို ခေါင်းပန်းလှည့်ကာ ဆော့နေလေသည်။ တိတ်ဆိတ်နေသော ကဖေးဆိုင်လေးထဲတွင် ဒင်္ဂါးပြားစေ့တ၀ီဝီလည်နေသံကို ကြားရလေသည်။ ကျောက်တုံးကြီးများကို တင်ဆောင်လာသော လော်ရီကားကြီးများ ကတ္တရာလမ်းအတိုင်း ၀င်ရောက်လာ ကြပြန်သည်။ မှန်ကောင်တာနောက်ဘက်ဆီမှ ကဖေးဆိုင်ပိုင်ရှင်၏ ခလော….ခလူး….ခလူး….ရှူး…..၊ ခလော…. ခလူး.. ရှူး….. ဟူသောဟောက်သံသည် တိုးလိုက် ကျယ်လိုက်၊ ကျယ်လိုက်တိုးလိုက်။ ဧပြီလထဲတွင် ၀တ္ထုတိုတစ်ပုဒ်လောက် ကျွန်တော်ရေးရဦးမည်။ စာရေးသားခြင်းက ကျွန်တော့်ကို နာကျင်စေခဲ့ဖူးပါသည်။ နာကျင်မှုသည် ယနေ့အခါမှာ အဆန်းတကြယ်ကိစ္စမဟုတ်တော့ပါ။ နာကျင်မှုသည် ပို၍ သက်တောင့်သက်သာဖြစ်မှုနှင့် ပျော်ရွှင်ကျေနပ်မှုဆီသို့သွားရာ တွင် ဖြတ်သန်းရသည့် တံတားတစ်ခုဖြစ်ပါသည်။ လွန်ခဲ့သော အနှစ် ၂၀ ခန့် စာရူးပေရူးဘ၀က ကျွန်တော်ရေးခဲ့ဖူးသလို ပင် ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်သည် ကမ္ဘာကျော်စာရေးဆရာတစ်ဦးဂိုက်ဖမ်း၍ ဤသို့ရေးသားခဲ့ဖူးပါသည်။

            ကျောပေါ်က အမာရွတ်တွေဟာ

            နှောင်းလူတွေအတွက်

            အက္ခရာတွေပါကွာ…. တဲ့။

ဧပြီလရဲ့ နေ့လည်ခင်းတွင် ကျွန်တော်သည် ကဖေးဆိုင်ထဲမှာ ငြိမ်သက်နေခဲ့ပါသည်။ စားပွဲထိုးချာတိတ်ဆီမှ ဒင်္ဂါးပြားစေ့ အဟောင်းတစ်ခု တ၀ီဝီလည်နေသံက ကြားနေရဆဲဖြစ်ပါသည်။   ။

Leave a comment

ကျွန်တော့်အမေဟာ သူမကွယ်လွန်မီနံနက်ပိုင်းက

ကျွန်တော့်အမေဟာ သူမကွယ်လွန်မီနံနက်ပိုင်းက

ကျွန်တော့်ကို ခဲတံချွန်ပေးခဲ့တယ်

 ကျွန်တော့်အမေဟာ သူမကွယ်လွန်မီ နံနက်ပိုင်းက ကျွန်တော့်ကို ခဲတံချွန်ပေးခဲ့တယ်။ အဲဒီနေ့က ကျွန်တော်တို့ မောင်နှမ နှစ်ယောက် ကျောင်းကိုသွားဖို့ပြင်တော့ အမေက ပက်လက်ကုလားထိုင်နေပ်ါမှာထိုင်နေတယ်။ အမေ နေမကောင်းဘူး။ နံနက်ခင်းနေရောင်ခြည်ဟာ ပြတင်းပေါက်ကနေ ဖြတ်ဝင်လာပြီး အခန်းထဲမှာလင်းလို့၊ နွေးလို့။ ညီမလေးက ခဲတံမချွန်ရ သေးဘူးကိုကို ဆိုတော့ အမေက ကျွန်တော်တို့နှစ်ယောက်ကို သူ့အနားလှမ်းခေါ်တယ်။ ပြီးတော့ ညီမလေးခဲတံရယ်၊ ကျွန်တော့်ခဲတံရယ်ကိုချွန်ပေးပါတယ်။ ညီမလေးခဲတံကိုအရင်ချွန်ပေးတယ်။ အမေက ညီမလေးရဲ့ခဲတံကိုယူပြီး သူဝတ်ထားတဲ့ အပေါ်ဝတ်အင်္ကျီအိတ်ထဲက ခဲတံချွန်တဲ့ဓားကလေးကို ထုတ်လိုက်တယ်။ ညီမလေးရဲ့ခဲတံကအနီရောင်။ ကျွန်တော့်ရဲ့ခဲတံကလည်း အနီရောင်ပါပဲ။ အမေက ကျွန်တော်တို့ခဲတံတွေကို အမြဲပဲ စိတ်ရှည်လက်ရှည်ချွန်ပေးနေကျပါ။ အမေ့အင်္ကျီအိတ်ထဲမှာ ခဲတံချွန်တဲ့ဓားကလေးတစ်ချောင်း အမြဲရှိတယ်။ ကျွန်တော်တို့ မနက်မနက် ကျောင်းမသွားခင် အမေ့ကို ခဲတံချွန်ခိုင်းနေကျပါ။ အမေကလည်း အမြဲပဲ ခဲတံချွန်ပေးလေ့ရှိပါတယ်။ တစ်ခါတလေ အမေဈေးက၀ယ်ခြမ်းလာ တဲ့ ဟင်းတွေ အသီးအနှံတွေကို ခုတ်ထစ်လှီးဖြတ်နေရင်တောင် ကျွန်တော်တို့ခဲတံချွန်ပေးဦးအမေဆိုရင် ဟင်းသီးဟင်း ရွက်တွေကိုခဏချထားပြီး ကျွန်တော်တို့ကို ခဲတံချွန်ပေးပါတယ်။ အမေ့အင်္ကျီအိတ်ထဲက ခဲတံချွန်တဲ့ဓားကလေးကို ထုတ်ပြီး တော့ပေါ့။ အမေဟာခဲတံကို သပ်သပ်ရပ်ရပ်နဲ့ ရေးလို့ကောင်းအောင်ချွန်တတ်တယ်။ ကျွန်တော်တို့ကျောင်းမှာ စာတွေ အများကြီးရေးရလို့ ခဲတံကမချွန်တော့ဘဲတုံးသွားတဲ့အခါတွေဆိုရင် တစ်ခါတလေဆရာမက ကျွန်တော်တို့ကိုချွန်ပေးတယ်။ ဒါပေမယ့်ဆရာမက သူအလုပ်မအားရင်တော့ ကျွန်တော်တို့ကိုဘယ်အမြဲတမ်းချွန်ပေးနိုင်ပါ့မလဲ။ ကျောင်းကအပြန်မှာ မတုံးသေးတဲ့ကျွန်တော်တို့ခဲတံကိုကြည့်ပြီး အမေကမေးတယ်။ သားတို့ခဲတံဘယ်သူချွန်ပေးတာလဲတဲ့။ ကျွန်တော်တို့က ဆရာမလို့ပြောတာပေါ့။ တစ်ခါတလေကျတော့ ဆရာမစိတ်ဆိုးနေတဲ့နေ့တွေဆိုရင် ခဲတံကရေးရင်းတုံးသွားလည်း ဒီတိုင်း အတုံးကြီးနဲ့ ကျွန်တော်စာရေးရတယ်။ ဆရာမ သားရဲ့ခဲတံကိုချွန်ပေးပါ လို့မပြောရဲဘူး။ အမေကတော့ ကျွန်တော်တို့ ကျောင်းဆင်းလာပြီး ညပိုင်းအိမ်စာတွေလုပ်နေရင်လည်း ခဲတံကတုံးနေရင် ယူပြီးချွန်ပေးတယ်။ အမေချွန်ပေးတဲ့ ခဲတံနဲ့ စာရေးရင် လက်ရေးလှအောင် ကျွန်တော်ရေးနိုင်ပါတယ်။ ပုစ္ဆာတွေအားလုံးမှန်အောင်တွက်နိုင်ပါတယ်။ အဲဒီတုန်းက ကျွန်တော်ကသုံးတန်း။ ညီမလေးက နှစ်တန်း။ ညီမလေးက စာတော်ပါတယ်။ သူ တစ်တန်းကတည်းက အမေနဲ့အဖေရဲ့ နာမည်ကို စာလုံးပေါင်းတတ်တယ်။ သူ့အသံစာစာလေးနဲ့ အဖေနဲ့အမေ့နာမည်ကို အော်အော်ပြီး စာလုံးပေါင်းလိုက်တာ အိမ်ထဲမှာညံလို့။ ကျွန်တော့်အမေဟာ သူမကွယ်လွန်မီနံနက်ပိုင်းက ကျွန်တော့်ကို ခဲတံချွန်ပေးခဲ့တယ်။ အဲဒီနေ့က ကျွန်တော်နဲ့ညီမလေး ကျောင်းကိုရောက်တော့ ကျောင်းတက်ခေါင်းလောင်း တော်တော်နဲ့မထိုးဘူး။ ညီမလေးက အမေပေးလိုက်တဲ့မုန့်ဖိုးနဲ့ ကျောင်းမုန့်ဈေးဆိုင်မှာမုန့်ဝယ်စားတယ်။ ချိုချဉ်တစ်ခု၊ ပီကေတစ်ခု။ အဲဒီနေ့ကကျောင်းတက် တော့ ဆရာမက အင်္ဂလိပ်စာမီးနင်းအသစ်တွေသင်တယ်။ အဲဒီမီးနင်းတွေ ကျွန်တော်အခုထက်ထိ အလွတ်ရပါတယ်။ ကျွန်တော့်ကို အမေက အနွေးထည်အင်္ကျီဝတ်ပေးလိုက်တယ်။ အအေးမိမှာစိုးလို့တဲ့။ အဲဒီနေ့က ကျွန်တော်တို့ကို ဆရာမ က ကဗျာတွေရွတ်ခိုင်းသေးတယ်။ ဆရာမသင်ထားလို့ ကျွန်တော်အလွတ်ရနေတဲ့ကဗျာတွေ။ ကျောင်းပိတ်ရက်တွေ အိမ်မှာ အမေ့ကိုလှည့်ပတ်ခုန်ပေါက်ပြီး ခဏခဏရွတ်ဆိုပြတဲ့ကဗျာတွေပေါ့။ ကဗျာထဲက ကြက်မကြီးတစ်ကောင်ဟာ ဘဲဥလေးတွေကိုဝပ်ပြီး အကောင်ဖောက်ရတဲ့အကြောင်းပါ။ အကောင်ပေါက်လာတဲ့ဘဲကလေးတွေကို သိပ်ချစ်တဲ့ ကြက်မ ကြီးအကြောင်းပါ။ ကျောင်းမှာ ကျွန်တော် ကဗျာရွတ်နေရင်း မနက်ကအမေ့ကိုအဖေက ဆေးတိုက်နေတာ သတိရလာ တယ်။ အမေ နေမကောင်းတာ နည်းနည်းကြာပြီ။ အဲဒီနေ့က ကျွန်တော်တို့ကျောင်းကပြန်လာတော့ အမေ့အင်္ကျီကို တိုင်မှာ ချိတ်ထားတယ်။ အေမ့အက်ႌအိတ္ထဲမွာ ခဲတံခၽြန္တဲ့ဓားကေလး။ မနက်တိုင်း မနက်တိုင်း ကျွန်တော့်တို့ကို ခဲတံချွန်ပေးဖူး တဲ့ဓားကလေး။ အမေ့အင်္ကျီအိတ်ထဲမှာပေါ့။ ကျွန်တော့်အမေဟာ သူမကွယ်လွန်မီနံနက်ပိုင်းက ကျွန်တော့်ကိုခဲတံချွန်ပေးခဲ့ တယ်။ အဲဒီခဲတံလေးဟာ အမြဲပူနွေးတယ်။ အဲဒီခဲတံလေးဟာ အမြဲထက်မြက်နေတယ်။ ကျွန်တော့်မှာ အဲဒီခဲတံလေး အမြဲ ရှိတယ်။

 2005.7.23

1 Comment

မုန်လာဥချဉ်ပုလင်းကလေး

မင်းတို့ကိုငါ ပြောပြရဦးမည်။ မုန်လာချဉ်ပုလင်းကလေးတစ်ခုအကြောင်း ဖြစ်သည်။ ငါတို့အိမ်တွင် ပုလင်းခွံတစ်ခုရှိသည်။ ထိုပုလင်းခွံသည် နောင်အခါတွင် ယခုငါပြောပြမည့် မုန်လာချဉ်ပုလင်းကလေး ဖြစ်လာသည်။

ပုလင်းကလေးက အဖြူရောင် ဖန်သားကိုယ်ထည်နှင့် ရှည်မျောမျော လေးထောင့်ပုံစံရှိပြီး အ၀မှာ စက်ဝိုင်းပုံသဏ္ဌာန်ဖြစ် သည်။ ငါပြောပြဦးမည်။ ငါ့ဇနီးက ငါ့ကိုသိပ်ချစ်မြတ်နိုးသော အချိန်ကာလတစ်ခုရှိခဲ့သည်။ ထိုအချိန်တွင် မုန်လာချဉ်ပုလင်း ကလေးကို သူ ငါ့အတွက်ပြုလုပ်ပေးခြင်းဖြစ်သည်။ ငါပြောပြဦးမည်။ ငါ့ဇနီးက သူမကွယ်လွန်မီ ငါ့အတွက်ပြုလုပ်ပေးသွားခဲ့ သော အောက်မေ့ဖွယ် အရာဝတ္ထုတစ်ခုမှာလည်း ထိုမုန်လာချဉ်ပုလင်းကလေးပင်ဖြစ်သည်။ ယခုအခါတွင် မုန်လာချဉ် ပုလင်းခွံနှင့်အတူ ငါတစ်ယောက်တည်း ကျန်ရစ်သည်။ ငါ့ဇနီး မရှိတော့။ သူမသည် ငါမသိနိုင်သော အခြားသောနေရာ တစ်ခုကို ထွက်ခွာသွားခဲ့ပြီ။ ဆိုလိုသည်မှာ သူမ သေဆုံးကွယ်လွန်သွားခဲ့ပြီ ဆိုခြင်းပင်ဖြစ်သည်။ ငါသည် မပျော်ရွှင်နိုင် သော(သို့မဟုတ်) ပျော်ရွှင်ရန်တုံ့နှေးသောလူတစ်ယောက်ဖြစ်နေခဲ့သည်။ ထိုနေ့က ငါ့ဇနီးသည် ဈေးသို့သွား၍ မုန်လာဥ တစ်တွဲကို ၀ယ်ယူလာခဲ့သည်။ ပန်းမုန်လာတစ်ပွင့်ကို ၀ယ်ယူလာခဲ့သည်။ ထို့အပြင် ငါကြိုက်နှစ်သက်သော မြေပဲသီးများ ကိုလည်း ၀ယ်ယူလာခဲ့သည်။ ငါသည် လှော်ထားသော မြေပဲသီးများကို အခွံတချွတ်ချွတ်ခွာ၍ ကုလားထိုင်မှာထိုင်ရင်း တဂျွတ်ဂျွတ်စားနေခဲ့သည်။ ငါ့ဇနီးစည် မီးဖိုချောင်ထဲတွင် မုန်လာဥများကို ဆေးကြောသန့်စင်ကာ ဓားဖြင့်လှီးဖြစ်နေသည်။ ပန်းမုန်လာပွင့်ကို အခက်အလက်လေးများ လှီးသည်။ ငါက ရောင့်ရဲတတ်သူဖြစ်သလို အကောင်းကြိုက်တတ်သူလည်း ဖြစ်နေပြန်သေးသည်။ မုန်လာချဉ်ဆိုလျှင် မုန်လာဥနှင့်အတူ ပန်းမုန်လာ၊ ပဲပိုးတီ စသည်တို့ကိုပါ ထည့်သွင်း၍ အချဉ်တည် သည်ကိုမှ ငါက ပို၍ကြိုက်နှစ်သက်သည်။ ဤအကြောင်းကို ငါ့ဇနီးက သိရှိထားပြီးဖြစ်သည်။ ဤကမ္ဘာ၌ ငါ့အကြောင်းကို ငါကိုယ်တိုင်ထက်ပြီးလျှင် အသိနားလည်ဆုံးမှာ ငါ့ဇနီးပဲဖြစ်လိမ့်မည်ဟု ငါထင်သည်။ ငါ့မိုက်မဲမှု၊ ငါ့အရည်အချင်း၊ ငါ့အသုံး မကျပုံ၊ ငါ့ကျွမ်းကျင်မှု၊ ငါ့ရယ်သံ၊ ငါ့မျက်ရည်၊ ငါ့အချည်းနှီးဖြစ်မှု၊ ငါ့ယုံကြည်မှုအားလုံး ငါ့ဇနီးက တော်တော်များများသိ ထားသည်ဟု ငါထင်သည်။ ငါ့ဇနီးသည် ငါ့ထက်အတန်အသက်ကြီးပါသည်။ ထို့ကြောင့်ပင် သူ့ကိုငါက ပို၍လေးစား မြတ်နိုး ခဲ့သည်ထင်သည်။ ငါနားမထောင်သော်လည်း၊ ငါမလိုက်နာသော်လည်း၊ ငါ့ကိုဆုံးမစကားဆန်ဆန်မကြာမကြာ ပြောတတ် သူမှာ ငါ့ဇနီးပင်ဖြစ်သည်။ ငါသည် ငါ့ဇနီးကိုပိုင်ဆိုင်ရခြင်းကို အတိုင်းမသိဝမ်းမြောက်ခြင်း ဖြစ်ခဲ့ဖူးသည်။ သို့ရာတွင် ငါတို့နှစ်ဦးသည် အခြားသော ဇနီးမောင်နှံများနည်းတူ ခိုက်ရန်ဖြစ်စကားများခြင်းလည်း ရှိတတ်သလို တစ်ဦးနှင့်တစ်ဦး ပြန်လည် သင့်မြတ်၍ ဘ၀ထုပ္ပတ္တိကိုကျင်လည်ကြမြဲပင်ဖြစ်သည်။ မင်းတို့ကို ငါပြောပြရဦးမည်။ ထိုနေ့က ငါ့ဇနီးသည် လှီးဖြတ်ထား သော မုန်လာဥဖွေးဖွေးများကို ပုလင်းကလေး၏ ဖန်သားကိုယ်ထည်ထဲသို့ ထည့်သွင်းခဲ့သည်။ အကောင်းကြိုက်တတ်သော ငါ့အတွက် ပန်းမုန်လာခက်ကလေးများကိုလည်း ရောနှောထည့်သွင်းခဲ့သည်။ ငါ့ဇနီးသည် နံနက်စောစောပိုင်း ထမင်း တစ်အိုးချက်ရာကရရှိသော ထမင်းရည်ကို သိမ်းဆည်းထားရာမှ ပုလင်းကလေးထဲသို့ လောင်းထည့်ခဲ့သည်။ မုန်လာချဉ် ပုလင်းကလေးကို သူမ စတင်ပြုလုပ်နေပေပြီ။ ထိုနေ့ရက်များသည် ငါ့ဇနီးအတွက် နောက်ဆုံးရရှိသော နေ့ရက်များဖြစ်နေ ခဲ့သည်ကို ငါတို့မသိခဲ့ကြ။ သို့ရာတွင် များမကြာမီ၌ သေခြင်းတရား၏ အမည်းရောင်အရိပ်ကြီးသည် ငါတို့အိမ်ကလေးထဲ ထိုးကျလာသည်ကို ငါတို့မသိချင်၍ မရတော့ပြီ။

            မင်းတို့ကိုငါ ပြောရဦးမည်။ ထိုနေ့က မုန်လာချဉ်ပုလင်းကလေးကို အိမ်ရှေ့ပိုင်းကွက်လပ်ရှိ နေရောင်ခြည်ထဲတွင် သူမက ထားရှိခဲ့သည်။ နံနက်ခင်းပိုင်းက ဖြူဆွတ်ဆွတ် မုန်လာဥများသည် နေ့လည်ခင်းကို ကျော်လွန်လာခဲ့သောအခါ အဖြူရောင်မှာ ဖျော့တော့စ ပြုလာခဲ့သည်။ ညနေစောင်းအချိန်ခန့်သို့ရောက်သောအခါ မုန်လာချဉ်ပုလင်းကလေးထဲတွင် လေပူပေါင်းကလေးများ ပလုံစီကာ အပေါ်ယံမျက်နှာပြင်သို့ တက်လာသည်ကို မြင်ကြရသည်။ မုန်လာချဉ်ပုလင်းကလေး သည် တစ်နာရီထက် တစ်နာရီ၊ တစ်မိနစ်ထက် တစ်မိနစ် ရှေ့ကိုသွားနေသည်။ ဆိုလိုသည်မှာ မုန်လာချဉ်ပုလင်းကလေး သည် သူ့ကိုယ်သူ မုန်လာချဉ်အဖြစ်သို့ရောက်ရှိရန် ကြိုးစားနေသည့်နှယ်ပင် ဖြစ်သည်။ ညသို့ရောက်သောအခါ ငါ့ဇနီး သည် မုန်လာချဉ်ပုလင်းကလေးကို မီးဖိုချောင်ကြောင်အိမ် အပေါ်တွင်တင်ကာ သိမ်းထားလိုက်သည်။ ငါသိသည်။ မကြည့် မြင်ပေမယ့် ငါသိသည်။ မီးဖိုချောင် အမှောင်ထုထဲတွင် မုန်လာချဉ်ပုလင်းကလေးသည် လေပူပေါင်းတို့ ပလုံစီကာ တင်နေလိမ့်ဦးမည်သာ။

            မင်းတို့ကို ငါပြောပြရဦးမည်။ နှစ်ရက်၊ သုံးရက်ခန့်အကြာတွင် ငါ့ဇနီးပြုလုပ်သော မုန်လာချဉ်ပုလင်းကလေးသည် မုန်လာချဉ်ပုလင်းအဖြစ်သို့ ကောင်းစွာရောက်လာခဲ့သည်။ ထိုနေ့ရက်များသည် ငါ့ဇနီး စတင်နာမကျန်းဖြစ်သော နေ့ရက် များ ဖြစ်လာခဲ့သည်။ ငါသည် မပျော်ရွှင်နိုငတော့ချေ။ ငါ့ဇနီးသည် ထမင်းစားပွဲတွင် အခြားဟင်းအမယ်များနှင့်အတူ မုန်လာ ချဉ်ပုလင်းကလေးကိုဖွင့်ကာ ၀ါးတူတစ်စုံဖြင့်ညှပ်ကာ မုန်လာချဉ်ဖတ်များကို ငါ့အားစားစေခဲ့သည်။ ဤမုန်လာချဉ်ဖတ် ကလေးများထဲ၌ ငါဇနီးသည် ငါ့အပေါ် သူအလိုက်လျောနိုင်ဆုံး၊ နားအလည်ပေးနိုင်ဆုံး နှင့် ထားရှိနိုင်ခဲ့သော သံယောဇဉ် အားလုံးတို့ ပါဝင်နေခဲ့သလိုပင်ရှိခဲ့သည်ဟု နောင်အခါ ငါပြန်လည်ဆင်ခြင်မိ၊ အမှတ်ရမိခဲ့ပါသည်။ ထိုနေ့က ထမင်းစားပွဲမှာ ငါယခင်ကကဲ့သို့ ကောင်းစွာမြိန်ယှက်ခြင်းမရှိ။ မုန်လာဥချဉ်ဖတ်များက ကောင်းစွာအရသာရှိပါ၏။ သို့ရာတွင် ငါနှုတ်မမြိန် တော့။ နောက်ကျိသော နို့နှစ်ရောင်အရည်များထဲက မုန်လာဥချဉ်ဖတ်ကလေးများသည် ဖန်ပုလင်းကလေးထဲတွင် ငြိမ် သက်လျှက်ရှိပါသည်။ ထိုနေ့ရက်က စားသောက်ခဲ့သောညစာသည် ငါတို့နှစ်ဦး အတူတကွစားသောက်ခဲ့သော နောက်ဆုံး ညစာပင်ဖြစ်လိမ့်မည်။

            မင်းတို့ကို ငါပြောပြရဦးမည်။ ငါသည် သူ့ကို ဆုံးရှုံးရတော့မည်။ နာမကျန်းသော ငါ့ဇနီးသည် ငါ့ကို သူ့အနီးအပါး မှာပဲ နေစေခဲ့တော့သည်။ ဝေးဝေးတစ်နေရာ က ကြေကွဲဖွယ်ကောင်းသော ထရမ်းပက်သံကို ငါကြားယောင်မိသည်။ ညည ဆိုလျှင် ငါကောင်းစွာ အိပ်စက်မရ။ ဆေးအရှိန်ဖြင့် မိန်းမောကာ အိပ်ပျော်နေသော ငါ့ဇနီး၏ မျက်နှာကိုကြည့်ကာ ငါအဆုံး ရှုံးမခံနိုင်ဖြစ်မိသည်။ သို့ရာတွင် မဖြစ်နိုင်။ ငါ့ဇနီး၏ ခန္ဓာကိုယ်မှ အသားစကိုထုတ်ယူ၍ ဓာတ်ခွဲစစ်ဆေး ကြည့်ခဲ့ပြီးပြီ။ သို့ရာတွင် မဖြစ်နိုင်။

            မင်းတို့ကို ငါပြောပြရဦးမည်။ မီးဖိုချောင် ကြောင်အိမ်ထက်တွင် တင်ထားသော မုန်လာချဉ်ပုလင်းကလေးသည် ပို၍ပို၍ နောက်ကျိလာခဲ့သည်။ သူ ရှေ့ကို ဆက်သွားနေသည်။ ဖြူရော်ရော်အမြှပ်တို့ထားခဲ့သည်။ ခပ်ရိုင်းရိုင်းအနံ့စူးစူးကို ရသည်။ ငါသည် မုန်လာချဉ်ပုလင်းကလေး၏ အချည်းနှီးဖြစ်ရပုံကို မြင်နေမိသည်။ ငါ့ဇနီးက ငါ့ကို သိပ်ချစ်မြတ်နိုးသော အချိန်ကာလတစ်ခုကား ကျရောက်လာခဲ့ပြီ။ ၀ါကျင်ဖျော့တော့သော သူ့လက်ဖမိုးကလေးကိုကိုင်ကာ ပြဇာတ်တစ်ပုဒ်ထဲက သရုပ်ဆောင်လို ငါနမ်းရှုပ်ခဲ့မိသည်။ ငါ့လက်မောင်းကို သူကတင်းတင်းဆုပ်ထားသည်။ မင်းတို့ကိုငါပြောပြရဦးမည်။ မုန်လာချဉ်ပုလင်းကလေးသည် ရှေ့ကိုဆက် သွားနေလေ၏။     ။

 2005.6.4(ညနေ ၃ နာရီ)

Leave a comment

ကြယ်တွေငိုလျှင်

ကြယ်တွေငိုလျှင် ကျွန်တော်အိမ်ကို မပြန်ချင်တော့ပါ။
ကြယ်တွေငိုလျှင် ကျွန်တော်ဝမ်းနည်းသည်။ လမ်းများပေါ်မှာ
ကျွန်တော် လျှောက်သွားမည်။ ခြေလှမ်းတွေရဲ့စေရာကို
လိုက်ပါသွားတော့မည်။ ကောင်းကင်ဆီ မော့ကြည့်လိုက်လျှင်
တရုတ်ဝတ္ထုတစ်ပုဒ်ထဲက ကြယ်တွေမှာ ၀မ်းနည်းဟန်ဖြင့်
မှိုင်းရီနေကြသည်ဆိုသော စာသားကို အမှတ်ရလာတော့သည်။
ကြယ်တွေငိုလျှင် ကျွန်တော်ဝမ်းနည်းသည်။
ကျွန်တော်ဇနီးသည် ကြယ်တစ်ခုဖြစ်သွားလျှင်
မည်းမှောင်သော အာကာသဆီမှ ကျွန်တော့်ကိုငုံ့ကြည့်ကာ
မျက်ရည်လည်နေပေလိမ့်မည်။ အကယ်၍ ဤစိတ်ကူး၏
ရူးနှမ်းမှုသာ မှန်ကန်ခဲ့ပါက ကျွန်တော်သည်
ကလေးသုံးယောက်ကို ခေါ်ငင်ကာ အာကာသထဲသို့
လက်ညှိုးညွှန်၍ ဟိုမှာမြင်နေရတဲ့ကြယ်က
သားတို့မေမေပေါ့ဟု ပြောမိပေလိမ့်မည်။ ကြယ်တွေငိုလျှင်
ကျွန်တော်အိမ်ကို မပြန်ချင်တော့ပါ။ ပြန်လာနိုင်မည့်
ခရီးတစ်ခုဖြစ်လျှင် ကျွန်တော့်ဇနီးသည် တစ်နေ့နေ့
တစ်ချိန်ချိန်တွင် ကျွန်တော်တို့ထံ ပြန်လာပေလိမ့်မည်။
ဤသို့ပင် ကျွန်တော့်ကို ယုံကြည်စေသည်။ ညသည်
မှိုင်းမှိုင်းရီရီဝေေ၀။ လေတဟူးဟူးက ကျွန်တော့်ကိုယ်ခန္ဓာထဲ
ဝင်ကာ ထွင်းဖောက်တိုက်ခတ်သွားတော့သည်။ လမ်းမများ
ဟူသမျှ ဆုံးအောင်လျှောက်စမ်းချင်သည်။ နေ့များ၊ ညများ
သန်းခေါင်ယံများ၊ မွန်းတည့်များ ရောက်လာပေဦးမည်။
မြို့ဟောင်းဈေးဘက်သို့ ကျွန်တော့်ကိုသယ်ဆောင်ပါ။
ထပ်၍ လိုက်စမ်းပါရစေ။ နှစ်များစွာ…….။         ။

2003.6.24

Leave a comment

ကြက်သားဟင်းတစ်ခွက်

(က)

ကလေးတွေအမေ ဈေးကပြန်လာပြီ။ ခါတိုင်းဆိုလျှင် သူဈေးကပြန်လာတိုင်း ကျွန်တော်က မသိကျိုးကျွံပြု လေ့ရှိပါသည်။ ဘာဝယ်ခဲ့သလဲ မေးမြန်းလေ့မရှိ။ သူ့ထံမှ မရိုးနိုင်သော ကုန်ဈေးနှုန်းပုံပြင်ဟောင်းကြီးကို လည်း နားထောင်ရန် ငြီးငွေ့နေပါ ပြီ။ ဒီနေ့ကတော့ ကလေးတွေအမေကို ကျွန်တော်က မေးဖြစ်အောင် မေးလိုက်သည်။

            ““ပါခဲ့လားဟေ့””

            သူကဆွဲခြင်းတောင်းကို မြှင့်၍ မေးငေါ့ပြလိုက်သည်။ ၀ယ်လာခဲ့ပြီပေါ့။ ကလေးနှစ်ယောက်က လည်း သူတို့အမေကို အလုအယက်ဝိုင်းမေးကြသည်။

            ““အမေ တုံးတုံးပါခဲ့လား””တဲ့။

            သမီးငယ်လေးက အကဲဆုံးပေါ့။

            ““ဒီမှာ အော်အီးအီးအွတ်လေ သမီးရဲ့””

            ဒီကနေ့ ကျွန်တော်တို့မိသားစု ကြက်သားဟင်းချက်စားကြမည့် အစီအစဉ်မှာ သေချာသလောက် ဖြစ်သွားပါပြီ။“

 (ခ)

မီးဖိုချောင်ထဲမှာ တဒုံးဒုံးထုထောင်းကာ ကလေးတွေအမေက ချက်ပြုတ်နေသည်။ ကျွန်တော်က စုတ်တံချည်ထားသော ကွန်ပါတစ်လက်ဖြင့် ဇယားကွက် ကိန်းဂဏန်းများကို ရေးဆွဲနေသည်။ ကလေးနှစ်ယောက် အရိပ်ထဲမှာ ဆော့ကစားနေကြ ၏။ ခဏကြာတော့ ဂျင်း၊ ကြက်သွန်ဖြူအုပ်ထားသော ဟင်းအိုး၊ ကြက်သားဟင်းနံ့က ပျံ့လှိုင်လာပြီ။ စေးစေးပိုင်ပိုင် လက်ဖက်ရည်တစ်ခွက်၊ မြိုးမြိုးမြက်မြက် ဟင်းကလေးတစ်တုံး၊ သည်ထက်ပိုပြီး ဘာတွေများလိုအပ်ပါသေးသလဲကွယ့် တနင်္ဂနွေနေ့ရေ…..။

 (ဂ)

            ““သမီးကို ဟောဒီအတုံးကြီးကြီးထည့်ပေး””

            ““သားကိုလည်း ဟောဒီအတုံးထည့်ပေးရမှာ””

ကလေးတွေအမေက သားနှင့်သမီးကို သူတို့စိတ်တိုင်းကျ ဟင်းတုံးများခပ်ထည့်ပေးလိုက်ပါသည်။ ကျွန်တော့်အတွက် ဝေစုက လည်ချောင်းရိုးနှင့် ဦးခေါင်း။ သူမအတွက်ကတော့ ခြေထောက်ရိုးနှင့် အတောင်ပံ။

            ““တို့က ညနေမှ ကောင်းကောင်းစားရအောင်နော်။ ခု ကလေးတွေပဲ စားပါစေတော့နော်”” တဲ့။

ကျွန်တော့်ဇနီးက နှစ်သိမ့်သလို ကျွန်တော့်ကိုပြောသည်။ ကျွန်တော်ကလည်း ““ခေါင်းစားရင် မင်းဖြစ် သတဲ့””ဟုပြောကာ ကျွန်တော့်ဝေစုဟင်းတုံးကို အားရပါးရ ကိုက်ဝါးပစ်လိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် တနင်္ဂနွေနေ့ရဲ့ ပျော်ဖို့ကောင်းတဲ့ထမင်းဝိုင်း ကလေးပါပဲ။

 (ဃ)

နေ့လည်ခင်း

အောက်ထပ်မှာ ကလေးတွေနှင့် သူတို့အမေက တရေးတမောအိပ်နေကြသည်။ အပေါ်ထပ်မှာ ကျွန်တော်က ကွန်ပါ၊ စုတ်တံ၊ ဆေးခွက်များဖြင့် ဇယားကွက်ဆက်လက်ရေးဆွဲနေသည်။ အဲဒီနောက်မှာ တော့ ““ဂလုံ..ဂလွမ်””နှင့် အောက်ထပ် မှအသံကို ပီပီသသကြားလိုက်ရသည်။ ဆက်၍…

            ““အယ်တော်.. ကုန်ပါပြီ..ကုန်ပါပြီ။ ဟဲ့..ခွေး… ဟဲ့…ခွေး…””ဟူသော ကလေးတွေအမေရဲ့အော်သံကို ကြားလိုက် ရသည်။ ကျွန်တော် နည်းနည်းတော့ သဘောပေါက် လိုက်သည်မို့ လှေကားမှအမြန်ပြေးဆင်းလာခဲ့သည်။ မီးဖိုချောင်ထဲက တဟုန်ထိုးပြေးထွက်လာသော ခွေးမကြီးတစ်ကောင်။ ပါးစပ်ထဲမှ ဟင်းတုံးများကို ပြေးရင်းလွှားရင်း မြိုချနေသည်။ အုတ်ခဲ ကျိုးနှစ်ခုကို ကျွန်တော်ကောက်ကိုင်ကာ ခွေးမကြီးနောက်သို့ပြေးလိုက်သွားသည်။ ၀င်းထရံပေါက်ကွေ့၍ တံခါးမကြီးမှ ပြေးအထွက်တွင် ကျွန်တော့်လက်ထဲမှ အုတ်နီခဲက ၀ှီးခနဲပြေးသွားသည်။ ခွေးမကြီး၏၀မ်းဗိုက်ကို တည့်တည့်မတ်မတ် ထိမှန်သွားပါ၏။ မှတ်ထားကွ။ ဂိန်ခနဲအော်မြည်ကာ ခွေးမကြီးပက်လက်လန် သွားသည်။ တော်တော်နှင့်ပြန်မထနိုင်သေး။ နောက်ထပ်ကျန်ရှိနေသေးသော အုတ်နီခဲဖြင့် ထုဖို့ ချိန်ရွယ်လိုက်သည်။ ခွေးမကြီးက တဂိန်ဂိန်အော်မြည်ရင်း လူးလဲထဖို့ ကြိုးစားနေ၏။ ကျွန်တော့်လက်ထဲ က အုတ်နီခဲကို ပို၍ တင်းတင်းဆုပ်လိုက်သည်။ ခွေးမကြီးကို ဆက်၍မထုဖြစ်လိုက်တော့ ပါ။ ဘာကြောင့် မှန်းမသိ။ ခွေးမကြီးနာနာကျင်ကျင် အော်မြည်သံက ကျွန်တော့်ကို တမျိုးတစ်မည် ပြောင်းလဲခံစားရစေခဲ့ပါ သည်။

 (င)

ကျွန်တော့်ဇနီးက ကျွန်တော့်အနီးသို့ ရောက်လာသည်။

            ““ဟင်းတွေ တစ်တုံးမှမရှိတော့ဘူး။ အကုန် ကုန်သွားပြီ။ အဲဒီခွေးမ ၀င်စားသွားတာ””

            ““ငါ ခဲနဲ့တစ်ချက် ထုလိုက်တယ်””

            ““အေး….””

ကျွန်တော့်ဇနီးက တစ်ခွန်းပြောလိုက်၏။ ပြီးမှ-

            ““ခွေးမကြီးက ဇီးနဲ့။ သနားပါတယ်ဟာ… နော်””

            ““အေး””

ကျွန်တော်ကလည်း  တစ်ခွန်းပြန်ပြောလိုက်ပါသည်။

 (စ)

ထိုနေ့က ညစာကို ဘာဟင်းနဲ့ ကျွန်တော်တို့ စားခဲ့ကြပါလိမ့်။ အတိအကျမမှတ်မိသော်လည်း ပဲပြုတ်နှင့် ဘယာကြော် တစ်ခုခုသာဖြစ်ပါလိမ့်မည်။ သို့မဟုတ်လျှင် ခါတိုင်းလို လက်ဖက်သုပ်လည်း ဖြစ်နိုင်ပါ သည်။     ။

1 Comment