Archive for category ပေးစာ

လေထဲကပေးစာ

မျိုးရေ ငါမရှိတော့ မင်းတစ်ယောက်တည်း ပျင်းနေပြီလား။ မင်းစိတ်တွေ လေနေသလား။ အချိန်တော်တော်များများမှာ မင်းငါ့ကိုလွမ်းနေမှာပဲ။ မင်းရယ်၊ သားကြီး ဝေယံလင်းရယ်၊ သားငယ်သူရဟန်ရယ်၊ သမီးလေး မေသန္တာမျိုးရယ်ကို ငါခွဲခွာ သွားခဲ့ရတာ နှစ်နှစ်တင်းတင်း ပြည့်ရော့မယ်နော်။ ငါ မရှိတော့ပေမယ့် ကလေးတွေနဲ့ မင်းရဲ့စိတ်ကို ဖြေနိုင်အောင် ကြိုးစားပါနော်။ အစ်မကိုယ်စား မင်းနဲ့ငါရဲ့ ရင်သွေးသုံးယောက်ဟာ မင်းကို နေထိုင်တတ်အောင် နေပျော်အောင် ဖန်တီးပေးပါလိမ့်မယ်။ မျိုးရေ…. ငါက မင်းလို စာပေသမား မဟုတ်တော့ ဖွဲ့ကာနွဲ့ကာ စီကာပတ်ကုံး မပြောချင်ဘူး။ ငါပြောချင်တာတွေကိုပဲ ငါပြောတတ်သလို ပြောသွားချင်တယ်။ ငါမရှိတော့ အိမ်ကလေးထဲမှာ ညညအိပ်ရာဝင်တဲ့အခါ အိပ်ရာထဲမှာ လူတစ်ယောက်လျော့နေမှာပဲ။ အဲဒီလပ်ဟာနေတဲ့ ကွက်လပ်ဟာ မင်းကို ၀မ်းနည်းကြေကွဲစေလိမ့်မယ်။ ဒါမှမဟုတ် သတိရစိတ်တွေ ပြင်းပြင်းထန်ထန်ဖြစ်ပါလိမ့်မယ်။ ညည တစ်ရေးနိုး မင်းဆီးသွားတဲ့အခါ အိပ်ရာထဲမှာ လဲလျောင်းအိပ်စက်နေတဲ့ ငါ့ကို မြင်တွေ့ခွင့်မရတော့ဘူးပေါ့။ တချို့တလေညတွေမှာ ငါ ၀မ်းသွားချင်လို့ မျိုးရေ..ထ..ထ..လို့ မင်းကိုနှိုးတဲ့အသံမျိုးကိုလည်း မင်းနောက်ထပ် ကြားရမှာမဟုတ်တော့ဘူး။ ဆောင်းရက်တွေမှာ ညညဆို စောင်လွတ်နေတဲ့မင်းကို ထခြုံပေးတဲ့သူ မရှိတော့ မင်းအေးနေမလား။ ညညဆို သမီးလေးက အိပ်ရာထဲမှာ တစ်ပတ်လည်ပြီး ဇောက်ထိုးမိုးမျှော် အိပ်တတ်တာကို မင်းသတိထားနော်။ သူ့ကို သေသေချာချာ သိပ်ပါ။ သားငယ်လေး ကတော့ ငြိမ်ငြိမ်ကလေး အိပ်နေတတ်တယ်။ တစ်ခါတလေညတွေမှာ မထင်မှတ်ဘဲ သူနိုးနေပြီး အရာရာကို သူနားလည် သိမြင်နေသလို မျက်လုံးပြူးပြူး ၀ိုင်းဝိုင်းစက်စက်ကြီးတွေနဲ့ ကြည့်နေတတ်တယ်။ သူ့ကိုလည်း ချော့မော့ပြီးသိပ်နော်။ မင်း အရပ်ကြီး ဂလန်ဂလားနဲ့ ဖြစ်ကတတ်ဆန်းအိပ်တတ်တာ ငါ မကြိုက်ဘူး။ ခြေထောက် ခြင်ထောင်အပြင်ထွက်နေရင် မင်းခြေထောက်ကို ခြင်ကိုက်မယ်။ ပြီးတော့ ခြင်တွေ အထဲဝင်လာပြီး ကလေးတွေကိုလည်း ကိုက်ဦးမယ်။ အဲဒါကြောင့် ဖြစ်ကတတ်ဆန်း မအိပ်နဲ့နော်။ ညညအိပ်ရာဝင်ရင် ခြင်ထောင်ကို သေချာအခင်းနဲ့ဖိပြီးမှအိပ်။ ညည မင်းဆေးသောက်ပြီး အိပ်တာကိုလည်း ငါမကြိုက်ဘူး။ မနက်ကျရင် မင်းက တော်တော်နဲ့မနိုးတော့ဘူး။ အိပ်ရာထဲက မထချင်တော့ဘူးလေ။ နေဖင်ထိုးမှပဲ ထတယ်။ အိပ်ရာထ မနက်စောစော ကလေးတွေကို အဆာပြေကျွေးရင် ကလေးတွေကို လက်ဖက်ရည် ခဏခဏမတိုက်နဲ့။ လက်ဖက်ရည်စွဲသွားမှာ ငါစိုးတယ်။ သူတို့က ငယ်သေးတယ် မျိုးရဲ့။ ငါတောင် မင်းနဲ့ရမှ လက်ဖက်ရည် ကြိုက်တတ်တာ။ လက်ဖက်ရည်စွဲသွားတာ။ သူတို့ကျောင်းသွားရင် မင်းပဲ သနပ်ခါးလိမ်းပေးရတော့မှာ မျိုးရေ။ မင်းပဲအဖေ၊ မင်းပဲအမေဖြစ်သွားပြီ။ နောက်တော့ သူတို့ဖာသာသူတို့ လုပ်နိုင်တာလေးတွေ လုပ်သွားကြမှာပါ။ မင်းက စိတ်ရှည်ပါ။ ဂရုစိုက်ပါနော်။ အမိမဲ့တဲ့သားမို့ ကလေးတွေကို ညိုးငယ်တာမျိုးမဖြစ်စေနဲ့။ ကလေးတွေကို တတ်နိုင်သမျှ သန့်သန့်ပြန့်ပြန့်ထားပါ။ သူတို့ရဲ့ လက်သည်း ခြေသည်းတွေကိုလည်း ၁၅ရက်၊ ရက်၂၀လောက်တစ်ခါ ညှပ်ပေးပါ။ ငါတို့ဆီမှာဆိုရင် ညအိပ်ရာဝင်ခါနီး ခြေလက်ဆေးလေ့ရှိတယ်။ ကလေးတွေကိုလည်း ညအိပ်ရာဝင်ခါနီး ခြေလက်ဆေးပေးစေချင်တယ်။ သူတို့ တစ်နေကုန်ဆော့ကစားထားတော့ ခြေထောက်ညစ်ညစ်ပတ်ပတ်ကြီးတွေနဲ့ အိပ်ရာထဲဝင်ရင် ဘယ်ကောင်းမလဲ။ သိပ်အေးတဲ့အခါဆိုရင်တော့ မင်းသဘောပါ။ ငါကလေးတွေကို ခြေထောက်ဆေးခိုင်း ရင် မင်းက အမြဲပဲဆူတာ။ ၀ိပ္ပလိကွန်ချာကိုလည်း ကလေးတွေကို မှန်မှန်တိုက်ပေး။ အထူးသဖြင့် ရေချိုးပြီးတဲ့အခါတိုင်း တိုက်ပေးပါ။ အဲဒီဆေးက ကလေးတွေနဲ့တည့်တယ်မျိုးရဲ့။ ကလေးတွေသာမကဘူး။ မင်းလည်း ရေမှန်မှန်ချိုးနော်။ မင်းက အားကြီးညစ်ပတ်တယ်။ ဖြစ်သလိုနေတတ်တယ်။ ရှိုးမရှိဘူး။ အဲဒါတွေကြောင့် ငါ မင်းနဲ့ တွဲတွဲပြီး ဟိုသွားဒီသွား လမ်းမထွက်ချင်တာ။ ငါမရှိတော့ မင်းအ၀တ်အစားတွေ မင်းဘာသာပဲ လျှော်ရတော့မှာ။ ငါလျှော်သလို နေ့စဉ်မှန်မှန်လျှော် သွားရင်တော့ အရေးမကြီးဘူး။ လူလည်း သက်သာတယ်။ အ၀တ်အစားတွေစုပုံထားတာ ငါမကြိုက်မှန်း မင်းသိတယ်နော်။ မျိုးရေ…. မင်းနဲ့ငါ ဆယ်နှစ်ကျော် ပေါင်းသင်းလာခဲ့ကြတာ တစ်ယောက်အကြိုက်နဲ့ တစ်ယောက်မကြိုက်တာတွေ သိထားပြီးပြီနော်။ မင်း လက်ဖက်ရည်ဆိုင်မှာ ကိုတိုးတို့နဲ့ တစ်နေကုန်ထိုင်ပြီး ပြောချင်ရာတွေပြောနေတာ ငါမကြိုက်ဘူး။ လက်ဖက်ရည်ဖိုးကျတော့လည်း မင်းပဲရှင်းရတာ။ ငါတို့က သူများတိုက်တဲ့လက်ဖက်ရည်လည်း မသောက်ချင်ဘူး။ ကိုယ် အဆင်မပြေဘဲလည်း သူများကို ခဏခဏ ဒကာမခံနိုင်ဘူး။ ပြီးတော့ ဟိုလူနှစ်ယောက်နဲ့ပေါင်းတာလည်း ငါမကြိုက်ဘူး။ နှုတ်ခမ်းမွှေးအရှည်ကြီးတွေ ၊ ဆံပင်အရှည်ကြီးတွေနဲ့။ မင်းမို့ သူတို့လိုလူတွေနဲ့ပေါင်းတယ်။ သူတို့လာရင် ရပ်ကွက်ထဲက လူတွေက တစ်မျိုးအမြင်နဲ့ကြည့်ကြတာ သိရဲ့လား မောင်နေမျိုးရဲ့။ မင်းတို့ စာပေသမားတွေဟာ နာမည်ကြီး ထမင်းငတ် တဲ့အလုပ်ကို လုပ်ချင်ကြတာ ငါအံ့သြတယ်။ မိုးချုပ်ညည့်နက်ထိ စာထိုင်ဖတ်နေတာ။ စာထိုင်ရေးနေတာတွေလည်း ခဏခဏ မလုပ်ပါနဲ့နော် မျိုး။ စိုးလှိုင်တို့လို လူမျိုးနဲ့ပေါင်းပေါ့။ သူ့ဆီက အလုပ်တွေဘာတွေအပ်ရင် ကောင်းကောင်းလုပ် ပေး။ ရက်ချိန်းမှန်အောင်လုပ်ပေး။ ဟိုတစ်ခါက စိုးလှိုင်အပ်တဲ့ ဆိုင်းဘုတ်မျိုးတွေ၊ အခမ်းအနားစာလုံးတွေ၊ နောက်ထပ် မင်းလုပ်ရသေးလား။ အရေးတကြီး အမြန်လုပ်ပေးရတဲ့ အခါမျိုးတွေမှာ ဟိုအရင်တစ်ခါကလို မင်းကိုငါ စာလုံးတွေ ကတ်ကျေးတစ်လက်နဲ့ ကူညှပ်မပေးနိုင်တော့ဘူး မျိုး။ မင်းကြိုးစားပြီး လုပ်ပေတော့။ မျိုး.. မင်းလည်းမှတ်မိမှာပေါ့။ ကျုရှင်၊ ကထိန်၊ အလှူရှင်စာရင်းတွေရေးဖို့ သုံးထပ်သားတွေ ငါခံဆေးသုတ်ပေးခဲ့တာ။ သင်္ကြန်မဏ္ဍပ်မှာ ဆေးကုမ္ပဏီတစ်ခု ကြော်ငြာအတွက် သုံးထပ်သားတွေ ငါခံဆေးသုတ်ပေးခဲ့တာ။ သားကြီးမွေးပြီးတော့ မိကျောင်းဆေးပေါ့လိပ် ဆိုင်းဘုတ်ကြီး အတွက် ငါဆေးကူသုတ်ပေးခဲ့တာတွေလေ။ ငါက မင်းလို ပန်းချီတော့မတတ်ဘူး။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းကို မင်းထက်နားလည်တယ် မျိုးရဲ့။ ငါတို့က အရောင်းအ၀ယ်သမားလုပ်လာတာ။ လူဆိုတာ ငွေကိုခင်ရတယ်။ ကိုယ်က ငွေကိုခင်မှ ငွေကလည်း ကိုယ့်ကိုခင်တာ။ မင်းကတော့လေ လက်ထဲမှာ ငွေလေးနည်းနည်းပါးပါးရှိနေရင် ရှေ့နောက် ဘာမှ မစဉ်းစားတော့ဘူး။ လက်ထဲရှိတာ သုံးပစ်ဖို့ပဲသိတယ်။ ငါ့အမေက ပြောခဲ့တယ်။ တုံးလုံးစာ၊ မတ်တပ်စာတဲ့။ အဲဒါမင်းက နားမလည်ဘူး။ ကိုယ့်မှာမရှိလို့ သူများဆီ ပိုက်ဆံချေးရတာ ကိုယ့်အရှက်ကို သူများကိုပြောပြရတာနဲ့ အတူတူပဲတဲ့။ မင်းက ငွေကိုမခင်ပေမယ့် ငါကတော့ ငွေကိုခင်တယ်။ ကိုယ့်မှာရှိတာ ကြွားဖို့မဟုတ်ဘူး။ မင်းတို့က ပိုက်ဆံမရှိလည်း နေတတ် တယ်။ ငါက ပိုက်ဆံမရှိရင် မနေတတ်ဘူး။ မင်းရတဲ့ဝင်ငွေကို မင်းသိတယ်နော်။ ထမင်းတစ်အိုး၊ ဟင်းတစ်အိုးဖြစ်အောင် ငါတတ်နိုင်သမျှ ချွေတာချက်ပြုတ်ခဲ့တာ။ ခု မင်းတို့ သားအဖတစ်တွေ ဘယ်လိုချက်ပြုတ်စားသောက်နေကြလဲ။ မင်းအဖေနဲ့ မင်းအမေကတော့ ပစ်ထားမှာမဟုတ်ပါဘူး။ မင်းကြိုက်တယ်ဆိုတဲ့ ငါ့လက်ရာ“မုန်ညင်းစော”ဟင်းကို မင်း သောက်ရတော့မှာမဟုတ်တော့ဘူး။ မင်းကြိုက်တယ်ဆိုတဲ့ ငါ့လက်ရာ ၀က်ခြေထောက်ဟင်းကို မင်းစားရမှာ မဟုတ်တော့ ဘူး။ မင်းကြိုက်တယ်ဆိုတဲ့ ငါ့လက်ရာ ဆန်ပြားကို မင်းစားရမှာ မဟုတ်တော့ဘူး။ မင်းအတွက် ငါ့ရဲ့နောက်ဆုံးလက်ရာ မုန်လာချဉ်ပုလင်းကလေးလည်း ခုဆို ဟာလာဟင်းလင်း အခွံဖြစ်ရောပေါ့။ မင်းအကြိုက် မုန်လာချဉ်ထဲမှာ ပန်းမုန်လာခက် လေးတွေ ထည့်ပြီး ငါမလုပ်ပေးနိုင်တော့ပါ။ ခုချိန်ဆိုရင် ငါသွားနေကျ မြို့ဟောင်းဈေးထဲမှာ မုန်လာဥတွေ၊ ပန်းမုန်လာချဉ်ပင်တွေ ဖွေးနေပြီလား။ ဈေးထဲမှာ တဖျပ်ဖျပ်ခုန်နေတဲ့ ငါးအရှင်တွေဝယ်ပြီး မင်းနဲ့ငါ ဘုရားကြီး ငါးကန်ထဲ သွားလွှတ်ခဲ့ကြတယ်နော်။ အေးလေ… ရာသီဥတုတွေ၊ နေ့ရက်တွေဟာ သူ့အစီအစဉ်အတိုင်း အဆက်မပြတ် ရောက်ရှိ လာမှာပဲ။ ခုဆို သမီးကလေး ဘယ်နှစ်တန်းကိုရောက်နေပြီလဲ။ မင်းနဲ့ကလေးတွေကို ငါခွဲခဲ့ရတာ နှစ်နှစ်ရှိပြီဆိုတော့ သမီးကလေး လေးတန်းရောက်ရောပေါ့နော်။ သမီးကလေးရဲ့ ကျိုးနေတဲ့ ရှေ့သွားနှစ်ချောင်းလည်း ခုဆို အသစ်ပေါက်လာ ရောပေါ့။ အမေ ဘယ်ရောက်သွားပြီလဲလို့မေးရင် မင်း ဘယ်လိုဖြေသလဲ။ မင်း မိုးပေါ်ကိုပဲလက်ညိုးထိုးပြမယ်မဟုတ်လား။ သမီးငယ်ငယ်က ညညဆို အိပ်ရင် ငါ့ရဲ့ချက်ကလေးထဲကို လက်ညှိုးနဲ့ထိပြီးမှ အိပ်တတ်တာ။ ခုတော့ ဖက်လုံးလေးကိုပဲ သူ့ဘေးထားပြီးအိပ်နေမယ်ထင်တယ်။ ညညဆို တစ်ခါတလေ ကောင်းကင်ကိုမော်ပြီး ကြယ်တွေဆီမင်းကြည့်လို့ တစ်ခုခုကိုရှာနေသလား။ ကြယ်တွေဟာ နက်ရှိုင်းဝေးလံတဲ့ အနက်အဓိပ္ပာယ်တွေကိုဆောင်တယ်ဆိုတာ မင်းသိနိုင်မယ် ထင်ရဲ့။ အစ်မရေ…. လို့ တစ်ယောက်တည်းကြားနိုင်ရုံ တီးတိုးမင်းရေရွတ်လေသလား။ မ၀င်းမေဆိုတဲ့ နမ့်ခမ်းမြို့သူ တစ်ယောက်ဟာ မင်းရဲ့ ချစ်မြတ်နိုးတဲ့ဇနီးဖြစ်ခဲ့ကြောင်း သေချာခဲ့ပါတယ်။ မျိုးရေ…. ငါ ဘုရားရှိခိုးတဲ့အချိန် မင်းက ငါ့ဘေးမှာယှဉ်ပြီး လက်အုပ်ချီဘုရားဝတ်ပြုခဲ့တာတွေဟာ အဓိပ္ပာယ်တစ်စုံတစ်ခုတော့ ရှိခဲ့ပါတယ်။ မင်းဟာ ဘာသာရေး သမားတစ်ယောက်မဟုတ်။ ပုတီးသမားတစ်ယောက်မဟုတ်လေတော့ မင်းရဲ့အထီးကျန်စိတ်၊ ကြေကွဲမှုစိတ်တွေကို ဘာတွေနဲ့ တည်ငြိမ်အောင် ထိန်းချုပ်လေမလဲလို့ ငါပူမိတယ်မျိုး။ ဟိုတစ်ခါတုန်းကလို မင်း အူကြောင်ကြောင်နဲ့ ညကြီးမှာ ထထိုင်ကြီး ၀င်လေထွက်လေမှတ်နေတာမျိုးလည်း ငါသဘောမကျပါဘူး မျိုးရယ်။ မင်းက ကိုယ်နားမလည် မတတ်ကျွမ်း တာတွေဆို လျှောက်လျှောက်လုပ်ချင်တာပဲ။ နည်းလမ်းတကျ တရားမမှတ်နိုင်ရင် မမှတ်တာပဲကောင်းတယ်။ အဆင့်မကျော်ရဘူး မျိုးရဲ့။ အရေးကြီးတာက ငါမရှိတော့လို့ဆိုပြီး မင်းအရက်သောက်တာ မလုပ်မိဖို့ပဲ။ မင်း မှတ်မိမှာပေါ့။ တစ်ခါတုန်းက မင်းအရက်တွေအလွန်အကျွံမူးလာပြီး မိုးချုပ်မှအိမ်ကို အနိုင်နိုင်ပြန်လာတာလေ။ အိမ်ပေါ်လည်းရောက်ရော မင်း တစ်ခါတည်း ပက်လက်လန်တော့တာပဲ။ စကားတောင်ပီပီသသ ကောင်းကောင်းမွန်မွန် မပြောနိုင်တော့ဘူး။ အမူးလွန်ပြီး မင်းမှောက်သွားတာလေ။ ကလေးတွေက မင်းအဖြစ်ကိုကြည့်ပြီး ငိုကြတယ်။ ငါက စိတ်ဆိုးတယ်။ အဲဒီလို အပြုအမူတွေ မင်းထပ်မပြုမူပါနဲ့တော့။ မင်း ငါ့ကိုချစ်မြတ်နိုးနေသေးတယ်ဆိုရင်လေ။ အမူးပြေမှပြန်ချော့တဲ့ မင်းရဲ့စကားတွေကို ငါနားထောင်ခွင့်မရတော့ဘူး။ ကွမ်းစားတာလည်း မလုပ်ပါနဲ့။ ပါးစပ်ကြီးနီရဲပြီး သွားတွေကလည်း မလှတော့ဘူးနော်။ အိမ်ရှေ့ကမြောင်းကလေးကို မကြာမကြာဆယ်ပါ။

(စာစီလို့မပြီးသေးပါ။ ဆက်တင်ပါ့မယ်)

1 Comment