Archive for category Uncategorized

တင်ဆက်သူ၏၀န်ခံချက်

2011 ဧပြီလမှာ သင်္ကြန်တွင်းဖတ်ဖို့ စာအုပ်လေးတွေ လိုက်ဝယ်ပါတယ်။ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်၊ လမ်းဘေးအဟောင်းတန်းမကျန်ပေါ့။ လှည်းတန်းက စာပေလောက စာအုပ်ဆိုင်မှာ စာအုပ်ပါးပါးလေးတစ်အုပ်ကို ကျနော်တွေ့ပါတယ်။ ရေးသူက ဆရာနေမျိုးပါ။ စာအုပ်နာမည်က မ၀င်းမေ။ ဆရာနေမျိုးရဲ့ မြင်ကွင်းကျယ်အချစ်ဝတ္ထုဆိုတဲ့  ၀တ္ထုတိုပေါင်းချုပ်ဟာ ကျနော့်ဖြတ်သန်းသွားလာမှုအတွင်းအကြိုက်ဆုံး စာအုပ်တစ်အုပ်ထဲမှာ ထိပ်ဆုံးကပါဝင်နေခဲ့ပါတယ်။ ကဗျာဆရာဝံပုလွေဆိုတဲ့ ကဗျာစာအုပ်လေးကိုလည်း ကြိုက်ခဲ့ပါတယ်။ အဲဒါနဲ့ ရှိရင်းစွဲ လေးစားမှုအခံလေးနဲ့ မ၀င်းမေဆိုတဲ့စာအုပ်ကလေးကို ကျနော် တစ်ထောင်ကျပ်လက်ငင်းပေးပြီး ၀ယ်ယူခဲ့ပါတယ်။ (တကယ်တော့ သူတို့ကအကြွေးလည်း မရောင်းပါဘူး) ။

စာအုပ်စင်မှာစတွေ့စဉ်က မ၀င်းမေဆိုတာ ဆရာနေမျိုးနဲ့ ဘာညာဖြစ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ဖြစ်မယ်ပေါ့လေ။ အိမ်ရောက်တော့ ကျွန်တော် စာအုပ်ကို စလှန်ပါတယ်။ ပထမဆုံးစာမျက်နှာက အလွမ်းပြေအမှာကိုဖတ်ပြီးတာနဲ့ ကျွန်တော့်ကို ဒီစာအုပ်လေးက အဆုံးအစမရှိတဲ့ အလွမ်းလွင်ပြင်ကြီးထဲကို သယ်ဆောင်သွား ပါတော့တယ်။ ယုံမလားတော့မသိဘူး။ မျက်နှာပြောင်တိုက်ပြီးပြောပါမယ်။ ကဗျာဆရာ အသည်းနုပါတယ်။ နှလုံးသားနုပါတယ်။ ခံစားထိရှလွယ်ပါတယ်။ ကျွန်တော့် အသက် 21 နှစ်ပါ။ မိန်းမတော့မရသေးပါဘူး။ အဲဒါကြောင့် မိန်းမလည်းမကွယ်လွန်ဖူးသေးပါဘူး။ ဒါပေမယ့်…..

ကျနော်တော်တော် လွမ်းရပါတယ်။ တချို့နေရာတွေမှာ မျက်ရည်ဝဲရပါတယ်။ စာသားတွေဟာ လူငယ်တစ်ယောက်ရဲ့ ဘယ်ဘက်အခြမ်းကို နင့်ခနဲ နင့်ခနဲဖြစ်စေခဲ့။ ပင့်သက်တွေအခါခါရှိုက်မိပါတယ်။

သဲလွန်စက
မြို့နဲ့မဆံ့ဘူး
ငါတို့ပျော်ခဲ့ဖူးပုံတွေ တွေးတွေးပြီး
မျက်ရည်ကျရတယ်
တစ်ယောက်တည်း။

လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူမရှိတဲ့အခါမှာ ပိုလို့ သိသာလာရသလိုပင်။
ယခုရက်ပိုင်းတွေ ညကြီးမိုးချုပ်မှ အိမ်ကိုပြန်လာခဲ့ရတဲ့ညတွေမှာ
သူ့ကို ပိုလို့ သတိရဖွယ်ပင် ဖြစ်လေတော့သည်။

ကဗျာရေးလို့လည်း ဆွေးမြေ့သတိရမှုဟာ မပြေနိုင်ဘူး ထင်ပါရဲ့။

ဘ၀ဆိုတာ…..
အဲဒီလိုစလိုက်တာနဲ့ ငါ့မှာ
မျက်ရည်ဝဲရတယ်

ဓာတ်ပုံရှေ့မှာ သူရယ်
ကလေးတွေရယ် ငြိမ်လို့
ညကြီးမင်းကြီး အပြင်မှာ
သစ်ရွက်တွေ ကြွေနေသလား
မသိဘူး။          

သားငယ်ကပြောတယ်။
အမေနဲ့ ခဏလေးဖြစ်ဖြစ် တွေ့ချင်တယ်တဲ့။
ဘယ်လိုလဲကွာ။

နေပါဦး၊
ကျွန်တော် ဘာတွေ လျှောက်ရေးနေမိပါလိမ့်။
သူကြိုက်ပါ့မလား။ ရေးကား ရေးမိခဲ့ချေပြီ။

ကျွန်တော့်အမေဟာ သူမကွယ်လွန်မီနံနက်ပိုင်းက
ကျွန်တော့်ကိုခဲတံချွန်ပေးခဲ့ တယ်။

………. စသဖြင့်… စသဖြင့်ပေါ့။ ဆရာနေမျိုးရဲ့အလွမ်းဟာ ဖတ်သူတိုင်းရဲ့ရင်ထဲကို နစ်ဝင်သွားလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ စာအုပ်ဆုံးသွားချိန်မှာ ကျနော့်မှာ ပင့်သက်တွေ မဆုံးသေးပါဘူး။ စာအုပ်ရဲ့ပထမဆုံးစာမျက်နှာကို ကျနော် ပြန်လှန်လိုက်ပါတယ်။ ပြီးတော့ ကျနော့် ခြေလှမ်းတွေက ကွန်ပျုတာလေးဆီကို ဦးတည်သွားပါတော့တယ်။

ဒီစာအုပ်လေးကို ကျနော် သင်္ကြန်လေးရက်မှာ ဘယ်မှမသွားဘဲ စာစီပါတယ်။ သင်္ကြန်နောက်ဆုံးနေ့မှာ ဒီဘလော့ဂ်လေးကို စတင်ခဲ့ပါတယ်။အွန်လိုင်းစာဖတ်သူတွေနဲ့ ပြည်ပရောက် စာဖတ်သူတွေ ခံစားဖတ်ရှုနိုင်ဖို့အတွက် စေတနာသက်သက်ဖြင့် ရည်ရွယ်ခဲ့ပါတယ်။

ဒီဘလော့ဂ်လေးကို ဆရာနေမျိုးနဲ့တကွ ထုတ်ဝေသူ၊ သက်ဆိုင်သူများရဲ့ ခွင့်ပြုချက်မရဘဲ တင်ခဲ့ခြင်းအတွက် ခွင့်လွှတ်နားလည်ပေးကြပါလို့ အနူးအညွတ် တောင်းပန်အပ်ပါတယ်။

အန်တီမ၀င်းမေ… ကောင်းရာသုဂတိလားပါစေ……..

ဝင်ရောက်ဖတ်ရှုသူအားလုံးကို ကျေးဇူးတင်ပါတယ်။

6 Comments

အ၀ါရောင်မီးလုံးတွေ ထွန်းညှိထားတဲ့အခန်း

အခန်းထဲတွင် အ၀ါရောင်မီးလုံးများ ထွန်းညှိထားသည်။ စုစုပေါင်း မီးလုံး ၂၁လုံး။ အားလုံး အ၀ါရောင်တွေဖြစ်သည်။ နံရံတွေက အ၀ါရောင်တွေ ပန်းထွက်နေသလိုပင်ထင်ရသည်။ အ၀ါရောင်မီးလုံးများ ထွန်းညှိထားသော အခန်းထဲတွင် ကျွန်ုပ်၏ဇနီးကို တွေ့မြင်ရသည်။ သူမကို ကျွန်ုပ်မတွေ့မြင်ခဲ့ရသည်မှာ ကြာမြင့်ခဲ့ပြီ။ ယခုမူ သူမသည် အခန်းထဲရှိ ကုတင် တစ်လုံးပေါ်တွင် ငြိမ်သက်စွာ ထိုင်နေလေသည်။ ကျွန်ုပ်သည် သူမကို ငေးစိုက်ကြည့်နေမိသည်။ အခန်းထဲက အ၀ါရောင်မီးလုံးတွေအောက်မှာ သူမ၏ပုံသဏ္ဍာန်မှာ ဟိုယခင်ကာလနှင့်မတူဟု ကျွန်ုပ်ထင်မှတ်မိသည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သည် အ၀ါရောင်မီးလုံးများ ထွန်းညှိထားသော အခန်းတွင်းသို့ဝင်ရောက်လာခဲ့မိသည့် မိမိကိုယ်ကိုပင် ပြန်၍ ကျေးဇူး တင်မိတော့သည်။ ကျွန်ုပ်၏ဇနီးသည် ခုတင်ပေါ်တွင် ငြိမ်ငြိမ်သက်သက်ထိုင်လျက် လက်တစ်ဖက်က ခုတင်ခေါင်းရင်းကို ဖမ်းကိုင်ထားသည်။ သူမ၏ နက်မှောင်ရှည်လျားသော ဆံစများမှာ ပျော့ပြောင်းစွာ အိကျလျက် အ၀ါရောင်တွေ ထင်ဟပ် နေသည်။ သူမ ၀တ်ဆင်ထားသော အ၀တ်အစားမျိုးမှာ အိမ်နေရင်း ၀တ်လေ့ရှိသော သာမန်ပေါ့ပေါ့ပါးပါး အ၀တ်အစားမျိုး ဖြစ်သော်လည်း အ၀ါရောင်တွေ လွန်ကဲစွာလျှံကျနေသည်။ ဒါကဘယ်လိုဖြစ်တာတုန်း။ မင်းနှယ်ကွာ ငါ့အဖြစ်ကိုလည်း စဉ်းစဉ်းစားစားလေး လုပ်ပါဦး။ ကျွန်ုပ်က ဤသို့ပြောဆိုလိုက်ပြီးနောက် သူမအနီးသို့ချဉ်းကပ်လိုက်သည်။ သူမ၏ဘေး ခုတင်ပေါ်တွင် ပဲစေ့များထည့်ထားသော ပန်းကန်တစ်ချပ်ကို တွေ့ရသည်။ ထိုပန်းကန်ထဲက ပဲစေ့များမှာ ပိုးထိုးကာ အမှုန် များကြွေကျနေသည်ကို တွေ့မြင်ရလေသည်။ ကျွန်ုပ်သည် ပန်းကန်ထဲတွင် တရွရွလှုပ်နေသော ပိုးကောင်များကိုပင် မြင် တွေ့နေရသည်။ မင်း ဒီမှာဘာလုပ်နေတာလဲ။ ကျွန်ုပ်က ထိုသို့မေးကာ သူမအနီးသို့တိုးကပ်ရင်း ခုတင်ပေါ်မှာဝင်ထိုင် လိုက်သည်။ သူမသည် ယခုအချိန်ထိ ကျွန်ုပ်ကိုစကားပြောဆိုးခြင်း မပြုသေးဘဲ ဦးခေါင်းကိုသာ အသာအယာ လှုပ်ယမ်းပြ လိုက်သည်။ အခန်းထဲမှာ သူမ ဘာအတွက်ရောက်နေမှန်းကို ကျွန်ုပ်မသိချေ။ ကျွန်ုပ်တို့ဇနီးမောင်နှံနှစ်ယောက်၏ ဆက်ဆံ ရေးမှာ ဤသို့အေးစက်စက်နိုင်မှုများရှိသော်လည်း စင်စစ်မှာမူ တစ်ဦး၏အလိုကို တစ်ဦးကသိပြီးဖြစ်သလို လိုက်လျောဖို့ လည်း ၀န်လေးကြသူများမဟုတ်ရကား ကြာမြင့်လာသောအခါ စိတ်ခံစားမှုများမှာ အတူတူပင် တစ်သဘောတည်းဖြစ်လာ ပါတော့သည်။ ကျွန်ုပ်က သူမ၏လက်တစ်ဖက်ကိုဆွဲယူကာ အသာအယာဆုပ်ကိုင်ထားလိုက်သည်။ ကျွန်ုပ်လက်ထဲတွင် သူမ၏လက်ကလေးသည် ၀ါထိန်၍နေပေမည်။ ကလေးတွေကိုဂရုစိုက်ပါ။ သူမက တိုးဖွသောအသံဖြင့် ဤသို့ပြောကာ ငြိမ် သက်သွားပြန်သည်။ ငါ့ကိုစိတ်ဆိုးနေလို့လား။ နေစမ်းပါဦး။ ငါ့ကို တစ်ခုခု ထပ်ပြောပါဦး။ ကျွန်ုပ်သည် သူမ၏ အ၀ါရောင် လက်တစ်ဖက်ကိုဖျစ်ညှစ်ကာ ပြောလိုက်သည်။ သူမက ဦးခေါင်းကိုငုံ့ကာ ကျွန်ုပ်ကိုမကြည့်ဘဲ “ငါ့မှာ ပြောစရာသိပ်မကျန် တော့ဘူး။ မင်းနဲ့နောက်တစ်ခေါက်တွေ့ရင် ပြောနိုင်အောင် ငါနည်းနည်းချန်ထားရတယ်။” သူမသည် ထိုသို့ပြောဆိုပြီး နောက် နောက်ထပ်မည်သည့်စကားကိုမျှမပြောတော့ပေ။ ကျွန်ုပ်သည် အ၀ါရောင်မီးလုံးများထွန်းညှိထားသော အခန်းထဲ တွင် အတန်ကြာအောင်နေခဲ့ပါသည်။ အတိအကျဆိုရပါလျှင် အ၀ါရောင်မီးလုံးများ ငြိမ်းမသွားခင်အထိ ဖြစ်ပါသည်။

2003.6.21

Leave a comment

Hello world!

Welcome to WordPress.com. After you read this, you should delete and write your own post, with a new title above. Or hit Add New on the left (of the admin dashboard) to start a fresh post.

Here are some suggestions for your first post.

  1. You can find new ideas for what to blog about by reading the Daily Post.
  2. Add PressThis to your browser. It creates a new blog post for you about any interesting  page you read on the web.
  3. Make some changes to this page, and then hit preview on the right. You can alway preview any post or edit you before you share it to the world.

1 Comment