ရေခရေဇီ

ငါရေသောက်တယ်
ရေငတ်လို့
ငါရေသောက်တယ်
ပိုက်ဆံမရှိလို့
ငါရေသောက်တယ်
ဘေးကင်းအောင်လို့
(ရေက ပရိတ်ရေပေါ့ကွာ)
ငါရေသောက်တယ်
ဇနီးကို သတိရလို့
ငါရေသောက်တယ်
ကျန်းမာရေးနဲ့ ညီညွတ်အောင်လို့
ကမ္ဘာ့ဧရိယာထဲမှာ
ရေဟာ ပိုများသတဲ့
သဘာဝတရားကို ကျွန်တော်က ကျေးဇူးတင်တယ်။    ။

2002.6.17

Advertisements

Leave a comment

ပျင်းရိသူ ၂

ပျင်းရိသူအကြောင်း အတ္ထုပ္ပတ္တိရေးရင်
မင်ကုန်သက်သာတယ်
အကြောင်းက သူဟာဘာမှ ဟုတ္တိပတ္တိမလုပ်လို့ပဲ
ပျင်းရိသူဟာ မနက်မိုးလင်းပြီလားလို့
ခြင်ထောင်ထဲကနေ လှမ်းကြည့်တယ်
ပျင်းရိသူဟာ နေထွက်လာပြီလားလို့
ခြင်ထောင်ထဲကနေ လှမ်းကြည့်တယ်
ပျင်းရိသူဟာ နေပြောက်တွေ နံရံမှာရွေ့လျားနေပြီလားလို့
ခြင်ထောင်ထဲကနေ လှမ်းကြည့်တယ်
နာရီကြီးက ဒေါင်ဒေါင်ဒင်ဒင်မြည်တော့
ပျင်းရိသူဟာ ခြင်ထောင်ကိုလှပ်ပြီး နားထောင်တယ်
ဘယ်နှချက်မြည်သွားမှန်းမသိဘူး၊ အများကြီးပဲ
ပျင်းရိသူဟာ ပြီးအောင်မဖတ်ရသေးတဲ့စာအုပ်ကို
ဒီအတိုင်းထားတယ်
ပျင်းရိသူဟာ အိပ်ရာကထထချင်း ဘာလုပ်ရမလဲဆိုတာသိတယ်
သူက ဆေးလိပ်တိုမီးခိုးထွက်အောင်လုပ်တတ်တယ်လေ။    ။

(မျိုးရေ ထ ထ၊ မျိုးရေ ထ ထ လို့မနက်မနက်နှိုးတတ်တဲ့ ချစ်ဇနီးအစ်မ မ၀င်းမေသို့)
2002.7.17

Leave a comment

နွေဦးပေါက်ရင်

(ကဗျာဆရာ့စိတ်ကူး)
နွေဦးပေါက်ရင်
ကြက်တူရွေးတစ်ကောင်မွေးမယ်
သူ့ကို စကားတစ်ခွန်းတည်းသင်ပေးမယ်
“ဆာတယ်…ဆာတယ်” လို့

နွေဦးပေါက်ရင်
အော်စတင်ကားလေးကို မောင်းမယ်
ဟစ်တလာမိန့်ခွန်းပြောသံကို
ကားဟွန်းသံအဖြစ် တပ်ဆင်ထားမယ်
တောင်ဘက်ပင်လယ်တွေဆီ ခရီးထွက်မယ်

နွေဦးပေါက်ရင်
သစ်ရွက်ကြွေတွေ လိုက်ကောက်မယ်
သစ်ရွက်ကြွေတွေပေါ်မှာ
အင်္ဂလိပ်ဘာသာနဲ့
မင်းနာမည်ကို ငါရေးမယ်

နွေဦးပေါက်ရင်
ပြတင်းပေါက်တွေ အကုန်ဖွင့်မယ်
ပုံပြင်တွေအော်ဖတ်မယ်
စိတ်ကောင်းလည်း ၀င်မယ်

နွေဦးပေါက်ရင်
ပြဇာတ်တစ်ပုဒ်ရေးမယ်
စုဘူးကိုခွဲမယ်
ပြားစေ့ကလေးတွေ ရေတွက်မယ်

တကယ်လို့ တော်တော်နဲ့နွေဦးမပေါက်သေးရင်လည်း ကိစ္စမရှိပါဘူး
ဒီကဗျာကို လမ်းထိပ်ကအပေါင်ဆိုင်မှာ သွားပေါင်မယ်
ပြီးတော့ ခပ်ဟောင်းဟောင်းစောင်တစ်ထည်
ဝယ်ခြုံနေမယ်ကွယ်။    ။

2000.1.3

Leave a comment

လွမ်းတေး

ငါဟာ အမြဲတမ်းတစ်ခုခုလိုနေတဲ့သူပါ
ပြိုင်မြင်းတစ်ကောင်မှာ ခြေထောက်တစ်ဖက်လိုနေသလိုမျိုး
ဖဲထုပ်တစ်ထုပ်မှာ စပိတ်ကွင်းတစ်ချပ်လိုနေသလိုမျိုး
ပြီးတော့
ရဲတိုက်ကြီးတစ်ခုမှာ ပြတင်းပေါက်တစ်ခုလိုနေသလိုမျိုးပေါ့ကွာ
ငါဟာ အမြဲတမ်းတစ်ခုခုလိုနေတဲ့သူပါ
တစ်စုံတစ်ယောက်က ပြောတယ်
လူဟာ ပျော်ရွှင်ဖို့လိုအပ်တယ်
ဟုတ်ရဲ့လား
ရေတံခွန်အောက်မှာ မြို့တစ်မြို့ရှိတယ်
ဟုတ်ရဲ့လား
သင်ခန်းစာတွေ ဖြေဆိုဖို့မလိုတော့ဘူး
ဟုတ်ရဲ့လား
ပင်လယ်ဟာ မာလိန်မှူးကိုလှည့်စားခဲ့
ခေါ်သံတွေက ဘာသာစကား ၁၆မျိုးနဲ့အော်မြည်လို့

လက်တစ်ဖက်က လက်တစ်ဖက်ကို စွန့်ခွာခဲ့ရချိန်
ဗျပ်စောင်းတစ်လက်မှာ ကြိုးတစ်ချောင်းလိုနေပေမယ့်
သီချင်းသံက မြည်နေဆဲ
မင်းမရှိတော့လည်း
ငါတစ်ယောက်တည်း အိမ်ပြန်ရုံသာ။    ။

2000.8.8

Leave a comment

ချစ်ဇနီးသို့အမှတ်ရချက်များ

၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီ ၃ရက်နေ့လည်ခင်းမှာ ကျွန်တော့်ဇနီးကွယ်လွန်ခဲ့သည်။ နေ့ရက်တွေက ရပ်တန့်မသွား။ အဆက်မပြတ် တစ်ရက်ပြီးတစ်ရက် ရောက်ရှိလာ သည်။ ရောက်ရှိလာသောနေ့ရက်များကို မလွဲမသွေဖြတ်သန်းရသည်။ နေ့တွေ ညတွေ နေ့ရက်တွေက ပူလောင်မှုကို တစ်စတစ်စလျော့ပါးသက်သာရာ ရစေခဲ့သည်။ သို့ပါသော်လည်း သတိရခြင်းသည် အဝေးကခေါင်းလောင်းသံလို မြည်နေတတ်လေသည်။ အလွန်ဆိုးရွားသောအိပ်မက်ကြီးတစ်ခုကို ကျွန်တော်မြင်မက်ခဲ့ရသည်။ နိုးလာသောအခါ ချွေးစေးတွေနှင့်။ အိပ်ရာဘေးကိုကြည့်လိုက်တော့ ကျွန်တော့ဇနီးမရှိတော့။ အဖြစ်အပျက်သည် ဤအတိုင်းပင်။ အရာရာကို ကျွန်တော်လက်ခံဖို့ ကြိုးစားခဲ့ရသည်။ “မပျော်ရွှင်ဘူး”ဆိုတာနဲ့လည်း မလုံ လောက်။ သတိရချိန်များ၌ စာရေးရန်မှတပါး အခြားမရှိသလိုပင်။ ဘ၀တစ်ခြမ်းပဲရှိသောအခါ ပျော်စရာဆိုလျှင် တစ်ဝက်သာပျော်ရွှင်ရပြီး ကြေကွဲစရာဆိုလျှင်တော့ နှစ်ဆတိုးခံစားရသည်ဟု မှတ်စုစာအုပ်ထဲမှာ ကျွန်တော်ရေးခဲ့မိသည်။ ယခုရေးသားချက်များသည် ချစ်ဇနီးသို့ သတိရချက်များ ဖြစ်ပါသည်။

လေးစားစွာဖြင့်
နေမျိုး

2004.2.21

Leave a comment

ချစ်ဇနီးသို့

ချစ်နေသေးသည်၊ မင်းအမည်ကို
ချစ်နေသေးသည်၊ မင်းအင်္ကျီကို
ချစ်နေသေးသည်၊ မင်းမှီဝဲတဲ့
ဆေးတွေကို။
ချစ်နေသေးသည်၊ မြေမဟီ၌
မိုက်မဲသောသူ၊ ငါ့လိုလူကို
ကြည်ဖြူနှစ်သိမ့်ခဲ့ပုံတွေ။
ချစ်နေသေးသည်။ ဘယ်ဝယ်ဆီ၌
ဆိုက်ရောက်တည်ရာ၊ မသိပါလည်း
ဤကမ္ဘာဝယ်၊ ရင်ရွှင်ပြုံးပြ
တစ်ဘ၀လုံး၊ ချစ်မဆုံးသူ
သူ့ကိုလေ။
ချစ်သူဓလေ့၊ မမေ့ဘူးလေ
သေရည်တစ်အိုး၊ ညမိုးချုပ်ပျောက်
ငါမျိုသောက်မိ၊ မိုးသောက်ယံတွင်
အိမ်ပြန်ချင်ပြီ၊ အရင်လို
တံခါးဖွင့်ပေးပါ။

2003.8.12
ကျွန်တော် အိမ်ပြန်နောက်ကျသောညများ ရှိခဲ့သည်။ အပေါင်းအသင်းတွေ မင်ခဲ့မိသည်။ ညည့်နက်သန်းခေါင်ကျော်မှ အိမ်ကို ပြန်ရောက်လာတတ်တဲ့ညတွေမှာ ကျွန်တော့်ဇနီးက အိမ်အပေါ်ထပ်မှာ မီးဖွင့်ကာ မအိပ်နိုင်သေးဘဲ စောင့်မျှော်နေ တတ်သည်။ လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူမရှိတဲ့အခါမှာ ပိုလို့ သိသာလာရသလိုပင်။ ယခုရက်ပိုင်းတွေ ညကြီးမိုးချုပ်မှ အိမ်ကိုပြန်လာခဲ့ရတဲ့ညတွေမှာ သူ့ကို ပိုလို့ သတိရဖွယ်ပင် ဖြစ်လေတော့သည်။ ကဗျာရေးလို့လည်း ဆွေးမြေ့သတိရမှုဟာ မပြေနိုင်ဘူး ထင်ပါရဲ့။    ။

Leave a comment

ကျွန်တော်နှင့်မ၀င်းမေ

သူသိတာတစ်ခု။ ကျွန်တော်သိတာတစ်ခု
ပေါင်းလိုက်တော့ မသိခြင်းတစ်ခု ဖြစ်သွားတယ်။

သူ့ငိုသံတစ်ဝက်၊ ကျွန်တော့်ငိုသံတစ်ဝက်
ပေါင်းလိုက်တော့ ရယ်သံအသစ်စက်စက်ဖြစ်သွားတယ်။

သူ့ပိုက်ဆံတချို့၊ ကျွန်တော့်ပိုက်ဆံတချို့
ပေါင်းလိုက်တော့ အဝေးကမြို့လေးတစ်မြို့။

သူ့အိပ်ခန်းတစ်ခန်း၊ ကျွန်တော့်အိပ်ခန်းတစ်ခန်း
ပေါင်းလိုက်တော့ ဘ၀ဇာတ်လမ်းတစ်ပုဒ်ပေါ့။    ။

2003.7.16

ကျွန်တော့်ဇနီး၏ အမည်မှာ မ၀င်းမေဖြစ်သည်။ သူ့ကို ကျွန်တော်က အစ်မမ၀င်းမေဟုခေါ်ပါသည်။ ချစ်ခြင်းကို ယခုအခါ၌ မဖွဲ့ဆိုလိုပေ။ ယခုအခါ ချစ်ခြင်းသည် သတိရခြင်းဖြစ်သည်။ ချစ်ခြင်းသည် ဓာတ်ပုံတစ်ပုံဖြစ်သည်။ ချစ်ခြင်းသည် တစ်ဖန် ပြန်လည်ကြားယောင်သော စကားသံဖြစ်သည်။ ချစ်ခြင်းသည် မိမိကိုယ်ကို ပြုပြင်ခြင်းဖြစ်သည်။ ချစ်ခြင်းသည် ရင်သွေးငယ်များကို ပြုစုပျိုးထောင်ခြင်းဖြစ်သည်။ ကြိမ်ဖန်များစွာ၌ ချစ်ခြင်းသည် မိမိအလုပ်ကို သက်ဝင်လုပ်ကိုင်ခြင်းမျိုး သာဖြစ်လိမ့်မည်။ သူ စိတ်ပူခဲ့ပုံ၊ သူ ငေါက်ငမ်းခဲ့ပုံ၊ သူ ပြုံးရယ်ခဲ့ပုံ၊ သူ ဒေါသထွက်နေခဲ့ပုံ၊ အရာရာသည် ပြီးဆုံးခဲ့ပြီ။ မှတ်ဥာဏ်၌သာ စွဲထင်ကျန်ရစ်မှုကို ကျွန်တော်ရရှိခဲ့သည်။ ကြိုးစား၍ စိတ်ကိုထိန်းပါမည်။       ။

Leave a comment